တောင်တွင်းကြီး ၁၇ မေ
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ၊ ဂျုတ်ကုန်းကျေးရွာနှင့် ရခိုင်စုကျေးရွာများတွင် ရိုးရာအိုးလုပ်ငန်းကို မိရိုးဖလာ အိမ်တွင်းစီးပွားရေးလုပ်ငန်းအဖြစ် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ မြူအိုးနှင့် အိုးအမျိုးမျိုးကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျှက်ရှိရာ ယခုကာလတွင် အရောင်းအ၀ယ် အေးလျှက်ရှိကြောင်း သိရသည်။
"အခုလို ရာသီပူရင် ဂျုတ်ကုန်းအိုးနဲ့ ရခိုင်စုအိုးကို ပိုရောင်းရပါတယ်။ ဒါပေမယ့် အိုးတွေကတော့ အတူတူပါပဲ။ ဒီသဲ၊ ဒီမြေ၊ ဒီရေနဲ့ပဲ လုပ်တာပါ။ ဈေးနှုန်းကတော့ အိုးပေါ်မူတည်ပြီး ၁၈၀၀၊ ၁၇၀၀၊ ၁၆၀၀ ရှိပါတယ်။ နတ်တော်လနဲ့ ပြာသိုလမှာလုပ်တဲ့ အိုးတွေကတော့ တအားအေးတယ်။ ရောင်းမလောက်ဘူး။ လှောင်ထားသလောက် ကုန်ပါတယ်။ သင်္ကြန်မတိုင်ခင်ဆို တအားရောင်းရပါတယ်။ အခုကာလမှာတော့ အရောင်းအေးပါတယ်။ အခုရောင်းနေတဲ့အိုးတွေက အခုနောက်ပိုင်းလတွေမှာ လုပ်တဲ့အိုးတွေပါ"ဟု ကုက္ကိုခွကျေးရွာမှ အိုးရောင်း၀ယ်သူတစ်ဦးက ပြောသည်။
အိုးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးမှလည်း "တစ်ယောက်ကို တစ်နေ့ အိုး (၃၀)ပြီးပါတယ်။ အဲ့ထက်လည်း ပိုမပြီးပါဘူး။ အခုလို မိုးဦးဆိုရင် တစ်နေ့ ၆၀ လောက်ပဲ လုပ်ပါတယ်။ နတ်တော်၊ ပြာသိုလတွေမှာဆို တစ်နေ့ အိုး(၂၀၀) လောက် ရအောင် လုပ်ပါတယ်။ လူအားနဲ့ပေါ့။ လုပ်သလောက်လည်း ဖောက်သည်က အကုန်ယူပါတယ်။ အိုးတစ်လုံးကို (၇၀၀)နဲ့ သွင်းရပါတယ်။ အလုံး (၁၀၀)ဖုတ်ရင် ၇၀၊ ၈၀ ပဲ တင်ပါတယ်။ ကျန်တာက ကွဲတာပေါ့" ဟု ပြောသည်။
အိုးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မြေကြီးကို တစ်နှစ်စာ ၀ယ်ယူသိုလှောင်ထားရပြီး မြေစေးဖြစ်သည့် ကျီးရိုးကြီး မြေကြီးကို လှည်းတစ်စီး ၃၅၀၀ ကျပ်ဖြင့် ၀ယ်ယူရကြောင်း၊ အိုးမီးဖုတ်ရန် ထင်းတစ်စီး ၅၀၀၀ ကျပ်၊ စပါးခွံတစ်စီး ၂၅၀၀ ကျပ်၊ ကောက်ရိုး (တစ်ဖိုစာ) ၅၀၀၀ ကျပ်နှင့် အိုးဖုတ်ရာနေရာအတွက် တစ်နှစ်လျှင် မြေထောက်ခ ၃၀၀၀၀ ကျပ်ပေးရကြောင်းနှင့် ငွေကြေးအခက်အခဲများရှိပြီး မိရိုးဖလာလုပ်ငန်းဖြစ်၍သာ လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)