ယဉ်ကျေးမူရာ ပျော်ရွှင်ကြရေး လောကီအလို၊ နက္ခတ်ဂြိုဟ်က၊ ထိုထိုသီးပွင့်၊ ခါမလင့်ဘူး၊ နုရင့်ချိန်မီ၊ ကိုက်ဖူးစီလျက်၊ ရာသီမသိ၊ ပန်းနှင့်ညှိသော်၊ ညီဘိကာလ၊ မလွန်ကြရှင့် ... ဟူသော မဃဒေဝလင်္ကာ၏ အဆိုအတိုင်းပင် ဂြိုဟ်နက္ခတ်တို့သည် အချိန်မှန်လှည့်ပတ်လျက် ဥတုရာသီတို့ကလည်း အချိန်မှန်ကူးပြောင်းကြပြီး သစ်ပင် ပန်းမန်တို့ကလည်း သူ့အချိန်အခါ ရာသီအလိုက် ပွင့်ကြ၊ သီးကြ ကုန်သည်။ သဘာဝတရားကြီး၏ အချိန်မှန်လည်ပတ်နေသော ဖြစ်စဉ်တို့ကို မှတ်သား၍ လူတို့က နေ့၊ ရက်၊ လ၊ နှစ် စသည်တို့ကို ပိုင်းခြားသတ်မှတ်ကြကာ ယဉ်ကျေးမှုအစ ရှေးကာလမှသည် မျက်မှောက်ခေတ်တိုင်အောင် အသုံးပြုလျက်ရှိကြသည်။
မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သော တန်ခူးလသည် မိဿရာသီဖြစ်၍ စိတြနက္ခတ် ထွန်းလင်းသည်။ ဤရာသီတွင် ရင်ခတ်ပန်းနှင့် ကံ့ကော်ပန်းတို့ ပွင့်ကြသည်ဟူ၍ ရှေးလူတို့ မှတ်သားခဲ့ကြသော်လည်း စက်နာရီနှင့် ပုံနှိပ်ပြက္ခဒိန်တို့ သုံးစွဲလာသည့်ခေတ်တွင်မူ ကောင်းကင်မှ နက္ခတ်တို့ကိုလည်းကောင်း၊ မြေပြင်မှာပွင့်သည့် ရာသီအလိုက် ပန်းတို့ကိုလည်းကောင်း လေ့လာကြည့်ရှုရန်မလိုတော့။ တန်ခူးလ၏ စိတြနက္ခတ်နှင့် ရင်ခတ်ပန်းကို ခေတ်လူတို့က အတိတ်မှာထားရစ်ခဲ့ကြပြီဖြစ်သော်လည်း တန်ခူးလ၏ သင်္ကြန်ပွဲကိုမူ အစဉ်အလာမပျက် နွှဲကြမြဲဖြစ်သည်။ ရှေးခေတ်အခါက အတာသင်္ကြန်ပွဲသည် ပျော်ရွှင်ဖွယ်ရာ ဖြစ်သကဲ့သို့ နှစ်သက်မြတ်နိုးဖွယ်၊ ကြည်နူးဖွယ် လည်းဖြစ်သည်။ အပျော်လွန်၊ အပြောင်အပြက်လွန်၍ ရိုင်းသည့်၊ ရမ်းသည့် အဖြစ်သို့မရောက်အောင် ထိန်းသိမ်းမှသာ ယဉ်ကျေး သည့် အတာသင်္ကြန်နှင့် နှစ်သစ်ကို မင်္ဂလာရှိစွာကူးပြောင်းနိုင်မည် ဖြစ်သည့်အလျောက် မလွန်မကျူးကြစေရန် ဝိုင်းဝန်းထိန်းသိမ်း ကြရသည်။
မကြာမီကျရောက်လာတော့မည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်နှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ကြဉ်ရန်တို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မီဒီယာများမှတစ်ဆင့် ပြည်သူများထံ အသိပေးနှိုးဆော်လျက်ရှိသည်။ အသိပေး နှိုးဆော်ရခြင်း မှာလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သင်္ကြန်ပွဲတော်ကို နွှဲပျော်နိုင်ကြစေရေး၊ အန္တရာယ်ကင်း ဘေးရှင်းကြစေရေးတို့အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော် မန္တလေးမှစတင်ကာ ကျင်းပလာခဲ့ပြီး ရန်ကုန်မြို့တွင်ပါ ကျင်းပခဲ့သည့် လမ်းလျှောက်သင်္ကြန်ကို ယခုနှစ် နေပြည်တော်တွင်လည်း ခမ်းခမ်းနားနား ကျင်းပနိုင်ရန် စီစဉ်လျက်ရှိသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပခဲ့သော လမ်းလျှောက် သင်္ကြန်များကဲ့သို့ အဆင့်မီသော လမ်းလျှောက်သင်္ကြန်ဖြစ်စေရန် စီမံဆောင်ရွက်လျက် ရှိကြောင်း၊ နေပြည်တော်ရှိပြည်သူများ ပျော်ရွှင်စေရန်ဖြစ်သလို ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများလည်း ပျော်ရွှင်စေရန် စနစ်တကျစီမံ ဆောင်ရွက်ထားကြောင်း၊ လမ်းလျှောက်သင်္ကြန်တွင် သနပ်ခါး သင်္ကြန်၊ တိုင်းရင်းသားသင်္ကြန်၊ လူငယ် Game သင်္ကြန် စသည် ဖြင့် ကလေး၊ လူငယ်၊ လူကြီးများအားလုံး ပျော်ရွှင်စေမည့် ကဏ္ဍများစွာပါဝင်ပြီး မြန်မာ့ရိုးရာသင်္ကြန်ကို ခေတ်နှင့်အညီ ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသောသတင်းစကားများက နေပြည်တော်သင်္ကြန်ပွဲ ဆင်နွှဲကြမည့် ကြီး၊ ငယ်၊ ရွယ်လတ် တို့အတွက် စိတ်ဝင်စားဖွယ်၊ ကြိုတင်ရင်ခုန်ဖွယ်ဖြစ်သည်။
“နှစ်သင်္ကြန်၊ ကူးခေတ်ဆော်စီမံ၍၊ လှူဒါနံ ညောင်ရေပန်းတွေနှင့်၊ ရေဖျန်းကိုယ်စီခံကြ၊ စဲမညံ ပွဲတော်တွင်းမှာလ...” ဟူသော ရှေးခေတ်က ကျင်းပခဲ့သည့် သင်္ကြန်ပွဲတော်များကဲ့သို့ပင် ပျော်ရွှင်မှုနှင့် ရိုးရာယဉ်ကျေးမှု အနှစ်သာရတို့ကို မပျောက် ပျက်စေဘဲ ခေတ်ကာလနှင့်အညီ ခမ်းနားလှပစွာ ပြင်ဆင်ကျင်းပ မည့် နေပြည်တော်လမ်းလျှောက်သင်္ကြန်ပွဲတော် အပါအဝင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးကို ဘေးဘယာဝေးကွာ အေးချမ်းသာယာ ပျော်ရွှင်စွာဆင်နွှဲနိုင်ရေး ဝိုင်းဝန်းကြိုတင် ပြင်ဆင်ကြရပါမည့်အကြောင်း။
မြန်မာ့အလင်း