ရိုးရာအနုပညာအမွေအနှစ် ထိန်းသိမ်းဖို့ အနုပညာအထက်တန်းကျောင်းများ တက်ကြစို့

ညွန့်ဝင်း(နတ်တလင်း)

နိုင်ငံတော်အစိုးရက ပညာရေးအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းမှ အလယ်တန်းအထိ (KG + 9) နှင့် မူလတန်းမှ အထက်တန်းအထိ (KG + 12) ကျောင်းဆောင်သစ်များ  တည်ဆောက်ခြင်း၊ ဥပဓိရုပ်မကောင်းသည့် ကျောင်းဆောင်များ ပြန်လည်ဆောက်လုပ်ခြင်း၊ စာသင်ခန်းများ လုံလောက်စေရန် တိုးချဲ့ဆောက်လုပ်ခြင်းစသည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ပညာရေး အသုံးစရိတ်များကို တိုးမြှင့်ခွင့်ပြုပေးထားခဲ့ပြီး ဖြစ်သည်။ တစ်ဖန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူသည့်အချိန်မှစပြီး KG+9 အထိ (အလယ်တန်းဆင့်ပြီးမြောက်သည်အထိ) မသင် မနေရပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ၎င်းသည် အခြေခံပညာသင်ယူ မပြီးမြောက်မီ ကျောင်းထွက်နှုန်းလျော့ကျစေရန်နှင့် အခြားပညာရေးအဟောသိကံများ မဖြစ်စေရန် စီမံဆောင်ရွက်ခြင်းဖြစ်သည်။ ယခုတစ်ဖန် အခြေခံပညာအလယ်တန်းဆင့်သင်ယူဆဲ ကျောင်းသား ကျောင်းသူများအတွက် အနုပညာရပ်များနှင့်အတူ အထက်တန်းပညာကိုပါ တွဲဖက်သင်ယူနိုင်ရန် အနုပညာအထက်တန်းကျောင်းများ ဖွင့်လှစ် သင်ကြားပေးတော့မည်ဖြစ်သည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်သင်ကြားမည်

အနုပညာ အထက်တန်းကျောင်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်သင်ကြား မည်ဖြစ်သည်။ အတန်းပညာနှင့်အတူ အနုပညာကို သင်ကြားလိုသူ ကျောင်းသား ကျောင်းသူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ပထမနှစ်)အတွက် ပန်တျာသင်တန်းနှင့် ပန်းချီပန်းပုအနုပညာ သင်တန်းများသို့ တက်ရောက်ရန် လျှောက်ထားနိုင်ပြီဖြစ်သည်။ အဆိုပါ အနုပညာသင်တန်းများသို့ အခြေခံပညာအလယ်တန်းဆင့်သင်ယူဆဲ ကျောင်းသား ကျောင်းသူများ လျှောက်ထားခွင့်ရှိသည်။

ပန်တျာသင်တန်း၏ အနုပညာ (ဂီတ /သဘင်) သီးသန့်သင်တန်းသို့ အခြေခံပညာ သတ္တမတန်း (စနစ်ဟောင်း) အောင်မြင်ပြီးသော ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာအဋ္ဌမတန်း (Grade 8 စနစ်သစ်) အောင်မြင်ပြီးသူ ကျောင်းသား ကျောင်းသူများ  လျှောက်ထားတက်ရောက်နိုင်သည်။


ပန်တျာသင်တန်း၏ စာပေနှင့် အနုပညာ (ဂီတ / သဘင်) တွဲဖက်သင်တန်းသို့ အခြေခံပညာ  အဋ္ဌမတန်းအောင်မြင်ပြီးသူ ကျောင်းသား ကျောင်းသူများ  လျှောက်ထားတက်ရောက်နိုင်သည်။

ပန်းချီ၊ ပန်းပုသင်တန်း၏ အနုပညာ(ပန်းချီ/ပန်းပု) သီးသန့်သင်တန်းနှင့် စာပေနှင့် အနုပညာ (ပန်းချီ/ ပန်းပု)တွဲဖက်သင်တန်းသို့ အခြေခံပညာ  အဋ္ဌမတန်းအောင်မြင်ပြီးသူ ကျောင်းသား ကျောင်းသူများ  လျှောက်ထားတက်ရောက်နိုင်သည်။

အထက်ဖော်ပြပါ သင်တန်းများကို တက်ရောက်မည့် သတ်မှတ်အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ကျောင်းသား ကျောင်းသူများသည် အနုပညာနှင့်ပတ်သက်၍ ဂီတ သို့မဟုတ် သဘင် သို့မဟုတ် ပန်းချီ သို့မဟုတ် ပန်းပုပညာရပ်၏ အခြေခံပညာကို အသင့်အတင့် တတ်မြောက်ထား ရမည်ဖြစ်သည်။ အသက်အားဖြင့် (၁၃) နှစ်မှ (၁၇)နှစ်အတွင်းရှိရမည်။ အထူးသဖြင့် စာပေနှင့် အနုပညာ တွဲဖက်သင်တန်းသို့ လျှောက်ထားသူ ကျောင်းသား ကျောင်းသူများသည် အနုပညာ ဘာသာရပ်အပြင် အခြေခံပညာအထက်တန်းပညာ ဘာသာရပ်များကိုပါ ပူးတွဲသင်ကြားခွင့်ရရှိမည် ဖြစ်သည်။ နိုင်ငံတော်က အနုပညာအထက်တန်း ကျောင်းများတွင်  ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများကို ပညာသင်လများ တွင် တစ်ဦးအတွက် တစ်လလျှင် ကျပ် ၃၀၀၀ဝ နှုန်း ထောက်ပံ့မည်ဖြစ်ပြီး သင်တန်းကာလ သုံးနှစ် ပြီးဆုံးပါက  အနုပညာအထက်တန်းကျောင်း သင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ်မည် ဖြစ်သည်။ စိတ်ပါဝင်စား၍ သင်တန်းလျှောက်ထား လိုသူများသည် အနုပညာဦးစီးဌာနသို့ ရုံးချိန်များ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး ၂၀၂၃ ခုနှစ် မေလ နောက်ဆုံးပတ်အတွင်း နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

အနုပညာအဆင့်အတန်း မြင့်မားစွာရပ်တည်ခဲ့

မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သည့်  ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု အနုပညာများသည် ရှေးယခင် နှစ်များစွာကတည်းက  သန္ဓေတည်ထွန်းကားခဲ့သည်။ မြန်မာ့ရိုးရာ အဆို၊ အက၊ ဂီတ ယဉ်ကျေးမှုများကား ပုဂံခေတ်မတိုင်မီ ပျူခေတ်ကတည်းက အထင်အရှားတည်ရှိခဲ့ပြီး အနုပညာအဆင့်အတန်း မြင့်မားစွာ ရပ်တည်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က ပျူယဉ်ကျေးမှုအဖွဲ့တစ်ဖွဲ့သည် တရုတ်နန်းတော်သို့ သွားရောက်၍ အဆို၊ အက၊ ဂီတများဖြင့် တင်ဆက်ခဲ့သည်။ တရုတ်ကဗျာ ဆရာကြီးတစ်ဦးက ပျူတို့တင်ဆက်ခဲ့သည့် အနုပညာများကို ကဗျာရှည်ကြီးတစ်ပုဒ်ရေးဖွဲ့၍ ဂုဏ်ပြုရသည်အထိ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့သည်။ ရှေးမြန်မာ ပျူခေတ်မှာပင်လျှင် မြန်မာ့ရိုးရာ တူရိယာအမျိုးပေါင်း နှစ်ဆယ်ကျော်ရှိနေပြီဟု သိရသည်။ မြန်မာတို့သည် ထိုရိုးရာဂီတ၊ သဘင်အနုပညာများကို ပျူခေတ်၊ ပုဂံခေတ်မှသည် ယနေ့ခေတ်တိုင်အောင် အစဉ် အဆက်ထိန်းသိမ်းခဲ့ကြသည်။ ထိန်းသိမ်းနိုင်မှု စွမ်းအားသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင် လမ်းညွှန်မှုနှင့် နိုင်ငံသားတို့၏ မြတ်နိုးထိန်းသိမ်းမှု အပေါ်မူတည်သည်။ တစ်နည်းအားဖြင့် မိမိတို့ ရိုးရာယဉ်ကျေးမှု အနုပညာများကို နှစ်သက် တန်ဖိုးထားကာ ထိန်းသိမ်းမြှင့်တင်လိုမှုသည် အမျိုးသားယဉ်ကျေးမှုကို လေးစားမြတ်နိုးသည့် စစ်မှန်သော မျိုးချစ်စိတ်ပေါ်တွင် မူတည်သည်။ နိုင်ငံတော်အစိုးရသည် ကျောင်းသားလူငယ်များ မိမိအမျိုးသားယဉ်ကျေးမှုအနုပညာများကို တွဲဖက် သင်ယူလျက် မျိုးချစ်စိတ်များ ကိန်းအောင်းလာစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းလည်းဖြစ်သည်။

မြတ်နိုးအပ်သော ရိုးရာယဉ်ကျေးမှုများရှိမြဲဖြစ်

လူမျိုးတိုင်းတွင် မြတ်နိုးအပ်သော ရိုးရာယဉ်ကျေးမှုများ ရှိမြဲဖြစ်သည်။ မြန်မာလူမျိုးတို့တွင်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ရှိသည်။ ယဉ်ကျေးမှုဟုဆိုရာတွင် စာပေ၊ ဂီတ၊ ဇာတ်သဘင်၊ ရုပ်ရှင်၊ ရိုးရာဓလေ့ပွဲတော်များ၊ ပန်းဆယ်မျိုးဝင် လက်မှုအနုပညာများ၊ ဓလေ့ထုံးစံများ စသည်တို့ပါဝင်သည်။ ထိုရိုးရာဂီတ၊ ဇာတ်သဘင် အနုသုခုမပညာများကို မျိုးဆက်သစ်တို့က ဆက်လက်ထိန်းသိမ်းရပေမည်။ ခေတ်ရေစီး ကြောင်းသည် ရပ်တန့်နေသည်မဟုတ်ရာ၊ ရိုးရာ ယဉ်ကျေးမှုအနုပညာများသည် တိုင်းတစ်ပါး ယဉ်ကျေးမှုများ ဝင်ရောက်လွှမ်းမိုးလာသည့်အခါ အားနည်းခြင်း၊ မှေးမှိန်ခြင်းများဖြစ်လာနိုင်သည်။ ထို့ကြောင့် နိုင်ငံတော်က ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ များ၊ ရိုးရာဓလေ့ပွဲတော်များ ကျင်းပပေးခြင်းဖြင့် ဆက်လက်ခိုင်မြဲတိုးတက်အောင် ထိန်းသိမ်းပေး လျက်ရှိသည်။ ယခု အနုပညာအထက်တန်းကျောင်း များဖွင့်လှစ်၍ သင်ကြားပေးမည့်အစီအစဉ်သည် လည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာများကို ထိန်းသိမ်းခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်တို့ကို လက်ဆင့်ကမ်းအမွေပေးခြင်း၊ ရိုးရာယဉ်ကျေးမှု အနုပညာများကို လူငယ်များ ချစ်မြတ်နိုးစိတ် မွေးမြူပေးခြင်းလည်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များ အဓွန့်ရှည်တည်တံ့စေရုံသာမက ထွန်းကားပြန့်ပွားတိုးတက်မှုကိုလည်း ရရှိမည်ဖြစ် ပေရာ တစ်ချက်ခုတ် နှစ်ချက်သုံးချက်ပြတ်မည့် ပညာသင်ကြားရေးအစီအစဉ်တွင် စိတ်ဝင်စားစွာ ပါဝင်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

ကိုးကား

၁။ အခြေခံပညာရေး လမ်းညွှန်ချက်များ။

၂။ နေ့စဉ်ထုတ်သတင်းစာများ။

၃။ ပညာရေး Website များ။