ရွှေဘိုသီရိမာလာ
မြန်မာ့ရိုးရာအနုပညာသည် တိမ်ကောပပျောက်သွားရန် မလွယ်ပေ။ အထူးသဖြင့် အကပညာသည် လူတိုင်းစိတ်ဝင်စားသော စိတ်၏ဖျော်ဖြေရာ ရိုးရာကိုယ်ပိုင်ယဉ်ကျေး မှုဖြစ်သည်။ မြန်မာတို့တွင် အကအနုပညာရှိသကဲ့သို့ လူမျိုးတိုင်းတွင်ရှိပေသည်။ မြန်မာတို့မွေးစကတည်းက မိခင်၏သင်ကြားမှုဖြင့် လက်ကလေးများ ကွေးချည်ဆန့်ချည် ချိုမိုင်မိုင်နှင့် ဘဝကို အကဖြင့် ဝင်လာခဲ့ကြသည်။
“မှင်” ရှိသည်ဟု ဆိုကြ
မြန်မာတို့သည် ဘာသာယဉ်ကျေးမှုကို လေးစားသလို ကပြဖျော်ဖြေမှုကို မြတ်နိုးခုံမင်ကြသည်။ အကတွင် အငြိမ့်အက၊ ဇာတ်အက၊ အပျိုတော်အက၊ ဇော်အက ဘာသာရပ်အလိုက် အမျိုးမျိုး ရှိကြရာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မတိမ်ကော မပပျောက်အောင် နိုင်ငံတော်က ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်၍ လေ့ကျင့်ပြိုင်ပွဲဝင်လျက်ရှိသဖြင့် မြန်မာ့အကသည် တစ်စခန်းထ ပေါ်လွင်ထင်ရှားလျက်ရှိသည်။ အကဟူသည်မှာ အနှေးအကကို အမြန်အကဖြင့် မဲတင်းသလို အမြန်အကကို အနှေးအကဖြင့် မဲတင်းသည်။ အထိုင်ကကို အထကဖြင့်၊ အထကကို အထိုင်ကဖြင့် မဲတင်းသည်။ အနုကနှင့် အကြမ်းက၊ အရှေ့ကိုကိုင်း၍ကခြင်းကို အနောက်ဘက်ကို နွဲ့၍ကခြင်းဖြင့် မဲတင်းသည်။ ဘယ်ခြေညာလက် ဘယ်ညာစသည့် အမူအရာများအပြင် ကချေသည်၏ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ဖြင့်လည်း တစ်ခုကတစ်ခုကို မဲတင်းညှိပေးသည်။ မေးထိုးခြင်း မျက်နှာသွင်ပြင် အမူအရာကလည်း ညှိပေးရသည်။ ခေါင်း၊ ခါး၊ ရင်၊ တင်၊ ဒူး စသည်ကလည်း လိုသလို လှုပ်ရှားညှိပေးရသည်။ “ခြေလက်ကိုသာ ဘယ်ညာပြောင်း ခေါင်းလည်း ကိုယ်လည်းပါ”ဟု အကအနုပညာတွင် ဆိုသောစာ၏အဓိပ္ပာယ်မှာ မဲတင်းညှိပေးခြင်းသဘော၏ အဓိပ္ပာယ်ပင်ဖြစ်သည်။ ဤသို့သော အဆို၊ အကတို့တွင် ကိုယ်အမူအရာ၊ အသံ၏ဌာန် နိုင်နိုင်နင်းနင်းတို့ဖြင့် ချက်ပိုင်ပိုင် ညှိပေးခြင်း ကို သုခုမအနုပညာသဘင်တွင် “မှင်” ရှိသည်ဟု ဆိုကြလေသည်။
အဆိုပါမှင်တို့တွင် အကြောင်းအရာ အတ္ထုပ္ပတ္တိတို့ကိုလိုက်၍ အလိုရှိသော “ရသ” ပေါ်လွင်အောင် သဘာဝယုတ္တိကျကျနှင့် သဘင်သည်အနုပညာရှင်တို့သည် သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ကပြခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ပေးရပေသည်။ နှစ်ပါးသွားသစ္စာထား အဆို၊ အကများတွင် မျောက်မင်းအူသံ၊ ငိုခြင်းသံအဆို အတီးအကမျိုးနှင့် မဆီလျော်သကဲ့သို့ ပူခန်း၏အဆိုအတီးအကတို့တွင် နှစ်ပါး သွားအဆို၊ အတီး၊ အကမျိုးဖြင့်ပြုလုပ်က သဘာဝယုတ္တိရှိသည်ဟု မဆိုနိုင်ပါချေ။ ဘီလူးခန်းတွင် ဘီလူး၏အဆိုသည် ကြမ်းတမ်းသောအသံ၊ ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများကို ဆောင်ရသကဲ့သို့ ၎င်းအကသည်လည်း မင်းသား၏ အနုအကမျိုးနှင့် မဆီလျော်ပါချေ။ ကြမ်းတမ်း သောအကမျိုးနှင့်သာလျှင် သဘာဝကျပေမည်။ တီးကွက်မှာလည်း ခပ်ကြမ်းကြမ်း စည်တိုသံများများနှင့် အဆင်ပြေမည်။ ဥပမာအားဖြင့်ရေးရလျှင် နတ်ချင်း၏ နတ်သံအဆိုနှင့် နတ်ဒိုးနတ် ကကြိုးတို့သည် နတ်တို့၏သဘာဝယုတ္တိ ဆောင်နိုင်စေရသည်။
မြန်မာရှေးအကများတွင် ထင်ရှားကျော်ကြားခဲ့သော အနုပညာရှင်များကို ဖော်ပြရလျှင် ဒေါ်သြဘာသောင်းကို ညွှန်ပြရပေလိမ့်မည်။ ဒေါ်သြဘာသောင်း အငြိမ့်ကစဉ်ကတည်းက တီးလုံးတိုက် ကတည်းကပင် “ဒီတီးကွက်မှာ ဒီလိုလိုက်မည်၊ ဟိုတီးကွက်ကျလျှင် ဟိုလို လိုက်မည်”ဟူ၍ ကကွက်ကို အတိအကျ ထားခြင်းမျိုးမရှိဟူ၍ ယူဆရပေမည်။
ဆေးစက်ကျရာ အရုပ်ဖြစ်သည့်သဘော
ဒေါ်သြဘာသောင်းအဖို့ ကကြိုးကကွက်ကို ကြိုတင်စဉ်းစားလျာထားခြင်းလုံးဝမရှိဘဲ တီးသံကြားမှ သင့်သလို လှုပ်ရှားကပြလိုက်ခြင်း ဖြစ်တန်ရာသည်။ တစ်နည်းဆိုသော် ကျက်စာ သဘောမျိုး လုံးဝမရှိဘဲ ဆေးစက်ကျရာ အရုပ်ဖြစ်သည့်သဘောမျိုး ကနိုင်စွမ်းပင် ဖြစ်ပါသည်။
ထို့ကြောင့် သီချင်းတေးသွားထပ်၍ တီးကွက်တီးချက်ထပ်၍ နေစေကာမူ ကကြိုးကကွက်များ ထပ်သည်ဟူ၍မရှိဘဲ တစ်ချိန်တွင် အကတစ်မျိုး၊ အခြားတစ်ချိန်တွင်လည်း အကတစ်မျိုးစီ၊ တစ်ပုံစီပြောင်းလဲ၍ ကလေသမျှမှာလည်း ကြည့်၍အချိုးအစားကျန လှပနေသည်ချည်းသာ ဖြစ်နေလေတော့သည်။
အချို့ အငြိမ့်မင်းသမီးများသည် တစ်ညတွင်သာကြည့်ရပြီး နောက်နေ့တွင်လည်း ဤကကြိုးကကွက်သာဖြစ်၍ ရိုးပြီးပျင်းစရာကောင်းနေသည်။ ထို့ကြောင့်ပင် ထိုခေတ်ထိုကာလက ဒေါ်သြဘာသောင်းအား အကဘုရင်မကြီး တစ်ဆူအဖြစ် အသိအမှတ်ပြုကြရခြင်းဖြစ်လေသည်။ ဒေါ်သြဘာသောင်း (ခေါ်) မသောင်းတင်သည် သွက်လက် ဖျတ်လတ်မှုတွင် ရှာမှရှားဆိုလောက်ပါပေသည်။ ဒေါ်သြဘာသောင်းသည် ရုပ်ရည်မချော၊ အသားကညို၊ အသံကပြာလျက် နှာသံပါသေးသည်။ ကိုယ်လုံးကိုယ်ပေါက်က ကြည့်ကောင်းသည်ဟု မဆိုသာပေ။
သို့ရာတွင် အကတွင် သွက်လက် ဖျတ်လတ်လျက် ဆေးစက်ကျရာ အရုပ်ဖြစ်ဆိုသကဲ့သို့ တင်္ခဏုပ္ပတ္တိဉာဏ်စွမ်းဖြင့် ကပြနိုင်ခြင်း၊ အကမထပ်စေခြင်း၊ ကလိုက်သည့်အခါ ခြေလက်ဦးခေါင်း ကိုယ်နေကိုယ်ဟန်အားလုံး စုစုပေါင်း ပြေပြစ်၏။ အချိုးအစားပြေပြစ်လှပခြင်းတို့ကြောင့် ပွဲကြည့်ပရိသတ်အပေါင်းသည် ညပေါင်းများစွာ ဆက်ကာဆက်ကာ ရှုစားကြစေသော်လည်း မငြီးငွေ့ မရောင့်ရဲ၊ ကြည့်၍ အားမရလျက်ပင်ဖြစ်အောင် ကပြနိုင်သည်ဖြစ်ရကာ ဒေါ်သြဘာသောင်း၏ အကအနုပညာမှာ ထူးထူးခြားခြား လေ့လာစံပြုချီးကျူးထိုက်ပေသည်။ ဒေါ်သြဘာသောင်းသည် နာမည်ကြီး မထွေးလေး၏ အကအနုပညာကို ရလိုက်သောသူဖြစ်သည်။ ဒေါ်အမာ၏ စာအုပ်တွင် မထွေးလေးသည် “မင်းသမီး ဆိုတာ မထွေးလေးတို့မှ တကယ့် မင်းသမီးပီပေတာကလား” ဟူ၍ မထွေးလေးကို သိမီလိုက်သည့် သဘင်ပညာသည်တိုင်းက ချီးကျူးရသော မထွေးလေးဟုအဆိုပြုပါသည်။ မထွေးလေးသည် မင်းသမီးတစ်ယောက်အနေဖြင့် စွယ်စုံတော်သူဖြစ်ပေသည်။ သဘင်ပညာသည်တစ်ဦး ကျော်ကြားသည်ဆိုလျှင် တစ်ခုကောင်းရှိကြပါသည်။ မထွေးလေးတို့ ကျော်ကြားခြင်းမှာ တစ်ခုမက စွမ်းသည့်အရည်အသွေး ရှိသောကြောင့်ဖြစ်သည်။ မထွေးလေး အက၊ မထွေးလေးဟန်အမူအရာ၊ မထွေးလေး ဇာတ်စီးပုံမျိုးကား ယနေ့တိုင် သူ့ကိုမီသူမပေါ်သေး။ နောင်လည်း ပေါ်ဖို့မလွယ်ဟူ၍ သဘင်ရည်ဝသူတိုင်းက ဝန်ခံခဲ့ကြသည်။
စွယ်စုံရမင်းသမီးကြီး
မြန်မာအမျိုးသမီး စာစောင်တွင် မထွေးလေးမျိုးရိုးဇာတိမှာ ဘိုးတော်ဘုရားလက်ထက် မင်းသားကြီးသီဟနှင့် နှမတော်စပ်သည့် ကြင်ရာတော်မမကြီး တို့မှ ၁၂၂၆ ခုနှစ်တွင် ကျောက်ဆည်ခရိုင် အိုးထုတ်ကုန်းရွာ၌ ဖွားမြင်ခဲ့၍ မထွေးလေးလှူခဲ့သော လောက တန်ဆောင်ဘုရား၏ ကျောက်စာသံပိုင်း လင်္ကာ၌ရေးထိုးထားသည်မှာ “အောင်မြင် အမရ၊ တည်ဖန်သာတည့်၊ ပင်းများဥက္ကဋ်၊ ဘိုးတော်နတ်၏ မြေးမြတ်သက၊ မင်းသီဟနှင့် နှစ်မအိမ်ရှင်၊ ဝတ်ငါးအင်ဖြင့်၊ ကြင်စလျာနီး၊ မမကြီးတို့၊ မညီးရင်သွေး၊ ဂုဏ်ပြန့်မွှေးယား၊ ခင်ထွေးမည်ရ၊ ကျောင်းအမလျှင်”ဟူ၍ ရှိခဲ့သည်။ ကျောက်စာအရ သူ၏မျိုးရိုးဇာတိကို သိရသည်။ (၁၂)နှစ် သမီးအရွယ်ကပင် သီပေါနန်း၌ စုဘုရားကြီး၊ စုဘုရားလတ်တို့ထံ၌ အပျိုတော်အဖြစ် ခစားခဲ့သည်ဟူ၍ သိရသည်။ မြန်မာအကပညာကို ဉာဏ်နှင့်တီထွင်ဖန်တီးနိုင်သော ရှေး မင်းသမီးကြီးများအနက် ရုပ်လည်းချော ကိုယ်နေဟန် နွဲ့နှောင်းပြေပြစ်သော လှပလွန်း၍ မင်းသမီးအကဲပါလွန်းခြင်း၊ “မှင်” ဗျာပါကြာ အလွန်ကောင်းသည်စသော ဂုဏ်ပုဒ်များနှင့် စွယ်စုံရမင်းသမီးကြီးသည် တစ်ခေတ်တွင် တစ်ယောက်သာ ထွန်းသည်ဟု ဆိုစမှတ်ပြုကြသည်။
မထွေးလေး၏ ကိန္နရာအက၊ ထဘီ အနားခတ်အက ကြည့်မငြီးပေဟု ဆိုပါသည်။ သုဓနု၊ ဒွေးမယ်နော်ကို များများကတတ်သည်။ မနောဟရီဇာတ်၊ ပဋာစာရီ ဇာတ်များ၌ အစွမ်းကုန်အလွမ်းသယ်ကြသည်။ မထွေးလေး၏ဆရာများမှာ ဆရာ ပုကြီး၊ ဆရာညိုနှင့် ဆရာစိမ့်တို့ဖြစ်ကြ၍ မထွေးလေးဆိုခဲ့သော မင်္ဂလာရှင်ပြုဗြော သီချင်းကို စိန်ဗေဒါက နောက်မှ မင်္ဂလာ ဗြောညွန့်ဟု ဆိုခဲ့ကြောင်း ဦးသော်ဇင် စာအုပ်၌ ညွှန်ပြထားသည်။ မန္တလေး ပန်တျာကျောင်း၌ အကနည်းပြနေသည့် ဆရာမကြီး ဒေါ်သြဘာသောင်းမှာ အမေထွေးကို မှီယူ၊ အမေထွေးထံ တပည့်ခံ နည်းယူ၊ အမေထွေး၏ ဟန်ကလေးများနှင့် အကကို ကြိုးစားအတုယူသူ ဖြစ်သည်။ သဘင်ပညာနှင့် ပတ်သက်လျှင် မန္တလေး အနှစ်တစ်ရာသဘင်ခေတ်ကို အကြမ်းအားဖြင့် လေးပိုင်းမျှပိုင်း၍ကြည့်လျှင် မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းကြီးနှင့် သားတော် သီပေါ မင်းတို့ခေတ်တွင် နန်းတွင်းအီနောင် ဇာတ်၊ ရာမဇာတ် စသည်တို့ကို ကပြသည့် မယင်းတော်တို့၊ ကွမ်းငုံတို့၊ မတင်မိုးတို့၏ခေတ်ကို မန္တလေးပထမ သဘင်ခေတ် (သို့မဟုတ်) ရတနာပုံခေတ်ဟု ခေါ်နိုင်ပါသည်။
မထွေးလေးတို့၊ ဆရာပုတို့ခေတ်ကို မန္တလေးဒုတိယသဘင်ခေတ်ဟု ခေါ်ဆိုကြသည်။ မြခြေကျင်း မငွေမြိုင်တို့၊ လေဘာတီမမြရင်တို့၊ သြဘာသောင်းတို့ ခေတ်ကို မန္တလေးတတိယခေတ်ဟု မှတ်သားကြရပေမည်။ စစ်ပြီးပန်တျာ ခေတ်ကို မန္တလေးစတုတ္ထသဘင်ခေတ်ဟု ခေါ်ဆိုမှတ်ကြရပေသည်။ တစ်ခေတ်တွင် တစ်ခါထွန်းဆိုသကဲ့သို့ အကပညာနှင့်ပတ်သက်လျှင် နာမည်ကြီး အကပညာရှင်များ ရှေးကတည်းက ပေါ်ထွန်းခဲ့ပေသည်။ ဥပမာ အကျဉ်းအားဖြင့် ဖော်ပြရလျှင် ဒေါ်ယင်းတော်၊ ဒေါ်ဆင်ခိုး၊ မထွေးလေး၊ ဒေါ်စိန်ဆင်၊ ဒေါ်စိန်ဆုံ၊ ဒေါ်ဒေလီညွန့်၊ အိန္ဒိယစိန်မှုံ၊ ဒေါ်သြဘာ သောင်း၊ မြခြေကျင်း မငွေမြိုင်၊ ဒေါ်ဗလ ပြန်၊ လေဘာတီမမြရင်၊ ဒဂုန်ခင်လှ ကြည်၊ ယုဝတီဒေါ်ခင်ညွန့်၊ ရွှေလိပ်ပြာ မအေးကြည်၊ ကောလိပ်မြိုင်ရွှေနှင်းဆီ၊ ဖက်ရှင်မအောင်ငွေ၊ ဂီတမယ်လှလေးစိန်၊ ကောလိပ်စိန်ခေါ် မမြလွင်နှင့် အခြား နာမည်သိပ်မကြီးသော အကပညာရှင် များ ဖြစ်ကြလေသည်။
အပျိုတော်ခန်း
အကအနုပညာနှင့် ပတ်သက်လျှင် အပျိုတော်ခန်းကို မေ့ထား၍မရပေ။ ပညာပါသော မြန်မာ့ကိုယ်ပိုင်သဘင်သည် လေးစားစရာအလွန်ကောင်းပါသည်။ လောကနတ်တီးချက်များတွင် အပျိုတော်က “ပလို့” ကများကို ကကြသည်။ ထိုကချက်ကို အပျိုတော် ၁၂ ခန်းဟု အချို့က ခေါ်ကြသည်။ ပလို့ ၁၂ ခန်းဟုလည်း ခေါ်သည်။ ပလို့ကဟုခေါ်ရ ခြင်းမှာဆိုင်းက “ပလိုဂျိ၊ ပလိုဂျိ”ဟု တီးပေးသဖြင့် ပလို့ကဟု ခေါ်သည် ထင်ပါသည်။ အပျိုတော် ၁၂ ခန်းခေါ်သော အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။
၁။ ဝိဏပတိ = ကျော၊ လက်ပြင်၊ လက် မောင်းတို့ကို လှုပ်၍ကပြခြင်း။
၂။ ပိလာဝတီ= ငြိမ့်ငြိမ့်ညောင်းညောင်း ရွှေ့ပြောင်း၍ ခြေကိုမကြွဘဲ ကပြခြင်း။
၃။ ဝိလစ္စတို့ = ဆတ်ခနဲ နောက်သို့ ဆုတ်၍ကပြခြင်း။
၄။ ဝိရန်ဝိရတိ = ပေါင်သားကိုလှုပ်၍ ကပြခြင်း။
၅။ ကရိစာသေထိ = ခါးကို ဘယ်ညာ လှုပ်၍ကပြခြင်း။
၆။ ဂုယှဘန်ဒါန် = ခြေသလုံးကြွက်သား ပေါ်အောင် ထဘီအနားများကို ခတ်၍ကပြခြင်း။
၇။ ဒနံ = သားမြတ်၊ ရင်လွှာတန်ဆာ၊ ဘယက်လည်ဆွဲများကို လှုပ်၍ ကပြခြင်း။
၈။ ကစ္ဆုံ= လက်ပတီး - ချိုင်းပေါ်မြှောက်၍ ချ၍ ကပြခြင်း။
၉။ နတိမ် = ခက်ဗ္ပိက်ထင်တို့ကို လှုပ်၍ ကပြခြင်း၊
၁၀။ ပါဒေနံ= ခြေတစ်ဖက်၊ လက်နှစ်ဖက် ရှေ့ကိုထုတ်၍ အနိမ့်အမြင့်လှုပ်၍ ကပြခြင်း။
၁၁။ မမုတံ = မျက်ခုံးနှစ်ဖက်ကို အမျိုးမျိုး လှုပ်၍ ကပြခြင်း။
၁၂။ အက္ခေ = မျက်စိနှစ်လုံးတို့ကို ဝိုင်းအောင်သော် လည်းကောင်း၊ ထောင့်သို့ကပ်၍သော်လည်းကောင်း၊
စွေ၍သော်လည်းကောင်း ကပြခြင်း များဖြစ်ပေသည်။
၎င်းအကများကို “ပလို့က”အကများ ဟု ခေါ်ဆိုပါသည်။ ပါဠိလိုရေးသားထားသဖြင့် အိန္ဒိယပြည်စာပေကျမ်းဂန်များ၌ ဖော်ပြထားသည့် အကဖြစ်တန်ရာသည်။ အကများကို ဝေဖန်စိစစ်ကြည့်သောအခါ ယောက်ျားများအား စိတ်ညွတ်နူး ယိုင်လာစေရန် မြှူဆွယ်သည့်အက အများအပြားပါဝင်နေသည်ကို တွေ့ရပေသည်။ ထိုအကများသည် အိန္ဒိယ၌ စတင်ပေါက်ဖွားလာသော အကများ ချည်းဖြစ်သည်ဟူ၍ မဆိုသာပေ။ နတိမ်-ချက်၊ ဗိုက်၊ တင်တို့သည် အီဂျစ်အမျိုးသမီးများနှင့် ဟာဝေယံအမျိုးသမီးတို့၏ တင်လှုပ်အကသည်များ၏ အနုပညာပါသည်ဟုဆိုနိုင်ပေသည်။ အပြစ်ကင်းသော ပလို့အကများ မြန်မာ့အနုပညာတွင် ရှိပြီးဖြစ်သည်။ ထို့အပြင် ၁၂ ခန်းပါ ရင်လှုပ်တင်လှုပ်အကများကို မကဘဲ မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်ကိုက်ညီပြီး အနုပညာမြောက်သောအကများကို လောကနတ်သီချင်းအပိုင်းတွင် ကပြ ရပါသည်။
အပျိုတော်များအတွက် အပြစ်ကင်းစင်သော အကများရှိကြောင်း သာဓကတစ်ခုမှာ ယဉ်ကျေးမှုနှင့် လိုက်လျောကိုက်ညီသည့် အကများကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကဇာတ်ဌာနခွဲမှ တစ်ကြိမ်က ပဒေသာယိမ်းအကတစ်ခုအဖြစ် စီစဉ်တင်ဆက်ခဲ့သော အပျိုတော် ယိမ်းမျိုးဖြစ်ပါသည်။ နတ်ကတော် ယိမ်းနှင့် အပျိုတော်ယိမ်းတို့မှာ သီးခြား သက်သက် တစ်မျိုးတစ်ဘာသာစီဖြစ်သည်။ အလွန်ယဉ်ကျေးဖွယ်ရာရှိပြီး အကပညာတွင် အဆင့်အတန်းမြင့်သော ယိမ်းတစ်ခုဖြစ်သည်။
အပျိုတော်၏ တတ်သင့် တတ်အပ်သော အရည်အချင်း
ထို့အပြင် အပျိုတော်၏ တတ်သင့် တတ်အပ်သော အရည်အချင်းတို့မှာ အောက်ပါအတိုင်း ၁၂ ခန်းဖြစ်သည်။
(၁)အပျိုတော်၊ (၂)နတ်ကတော်၊(၃)မိဖုရား၊ (၄)ဘီလူးမ၊ (၅) ကဝေမ၊ (၆) ပုဏ္ဏေးမ၊ (၇)ဂုံးမ၊ (၈) မှော်ကတော်၊ (၉)သူကြီးကတော်၊ (၁၀)သူဌေးကတော်၊ (၁၁)ဘိက္ခုနီမ၊ (၁၂) အောင်သွယ်မ အပျို တော် ၁၂ ခန်းဟူသော ဝေါဟာရနှင့် စပ်လျဉ်း၍ အထက်ဖော်ပြပါ လင်္ကာအရ အပျိုတော်တို့တတ်အပ်သည့် သဘင်အတတ်ပညာ ၁၂ ခန်းသာလျှင် အပျိုတော် ၁၂ ခန်းဟူ၍ ခေါ်ဆိုသင့်ကြောင်း ရေးသားအပ်ပါသည်။
နိုင်ငံတော်သည် မြန်မာတို့၏ ကိုယ်ပိုင်ဖြစ်သော မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းဖော်ထုတ် ၍ မျိုးဆက်သစ်လူငယ်များ ဇာတိသွေး ဇာတိမာန် တက်ကြွမြင့်မားစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို ကျင်းပပေးရာ ကောင်းသော ရည်ရွယ်ချက်ပင် ဖြစ်သည်။ သို့မှသာ တိုင်းတစ်ပါး ယဉ်ကျေးမှုကို ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ခုခံကာကွယ်နိုင်ပေမည်။ ထို့ကြောင့် အကအနုပညာနှင့်ပတ်သက်၍ ကျမ်း အသီးသီးမှဖော်ထုတ်ပြီး အကျဉ်းချုံး တင်ပြရပါလျှင် အကပညာသည် နည်းနာများ စနစ်တကျရှိခဲ့သလို ကိုယ်ကာယလေ့ကျင့်ခန်းလည်းဖြစ်သည်။ အများပြည်သူအား ဖျော်ဖြေရသလို မိမိလည်း ပျော်ရွှင်စေပါသည်။
အကအနုပညာနှင့် ပတ်သက်၍ရေးရလျှင် သည်တစ်ခေတ်အငြိမ့် မင်းသမီးလေးများသည် တစ်နှစ်၊ နှစ်နှစ် ကပြီး ဇာတ်စင်ပေါ်သို့ တက်ကြသည်။ မြန်မာ့ဇာတ်အဆင့်အတန်းမှာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲသာမရှိလျှင် လွန်စွာလျှောကျနေရကား ဇာတ်မင်းသမီးလုပ်ရန် လွယ်ကူလှသည်။ ထို့ကြောင့် အငြိမ့် မင်းသမီးတို့သည် ဇာတ်စင်ပေါ်သို့ ရဲရဲတက်လာကြသည်။
မင်းသမီးအင်္ဂါ ခုနစ်ပါး
ရှေးက ဇာတ်မင်းသမီးတို့သည် မင်းသမီးအင်္ဂါ ခုနစ်ပါးနှင့် ပြည့်စုံကြရသည်။ အင်္ဂါခုနစ်ပါးဆိုသည်မှာ “ပိုး၊ လွမ်း၊ မျှော်၊ ခေါ်၊ တား၊ ပိုက်၊ ဇော်” ဟူသော စာခုနစ်လုံးပင်ဖြစ်သည်။
ပိုး-မင်းသမီးတစ်ဦးသည် ပိုးလောက၌ ယောက်ျားက မိန်းမကိုပိုးသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိန်းမက ယောက်ျားကို ပိုးသည်မှာ သဘာဝမကျ။ သို့ရာတွင် မယ်ပဒါနှင့် မောင်ဒါသ ဇာတ်ကိုကလျှင် မိန်းမက နောက်ပိုးပိုးရတော့မည်။ သို့ကြောင့် သဘာဝမဟုတ်သည်ကို အဆင်ပြေအောင် ပွဲကြိုက်အောင် မိန်းမနောက်ပိုး လုပ်တတ်ရသည်။ မိန်းမပိုင်း ဆိုင်ရာ အပြောအဆို၊ အမူအရာ၊ အချော့ အမော့၊ သီချင်း၊ လင်္ကာ-ဥပမာ ဥပမေယျ ရှေးထုံး နိပါတ်ရာဇဝင်များကို တတ်ရသည်။
လွမ်း - ငိုချင်း၊ ပြောငိုစကား စသည်တို့ မင်းသမီးလွမ်းရာ လင်ကိုလွမ်းခြင်း၊ ရည်းစားလွမ်းခြင်း၊ ခမည်းတော် မယ်တော်လွမ်းခြင်း၊ သားကိုလွမ်းခြင်း၊ မောင်ကို လွမ်းခြင်းစသည်ဖြင့် ခွဲခြား၍လွမ်းတတ်ရမည်။
မျှော်- ရည်းစားမျှော်၊ လင်မျှော်၊ သားမျှော်၊ ကျေးကျွန်မျှော်၊ မိဘမျှော် စသည်ဖြင့်လည်း အမျှော်စိုက်သီချင်း လင်္ကာနာရီချစကားခွဲခြား၍ တတ်ရမည်။
ခေါ်.- အာလုပ်ဖြစ်သော အခေါ်အဝေါ်တို့ကိုလည်း ဘုန်းကြီးဆိုလျှင် ဆရာသခင်နိဗ္ဗာန်နှင့် နီးပေမယ့် ကျောင်းကြီး၊ ရှင်ဘုရားစသည်ဖြင့် ဆိုင်ရာဆိုင်ရာ ရှင်ဘုရားခေါ်၊ မင်းသားခေါ်၊ လင်ခေါ်၊ သားခေါ်၊ မိဘခေါ်၊ မောင်ခေါ် အမျိုးမျိုး တတ်ရမည်။
တား - တားဆိုသည်မှာ စစ်ပို့စစ်တား တတ်ရမည် ဟုဆိုလိုခြင်းဖြစ်သည်။ မင်းသားစစ်ချီတော့မည်ဆိုလျှင် စစ်ချီ ထွက်မသွားအောင် တားသည့်စကား၊ လင်္ကာ၊ ငိုချင်းတို့ရှိသည်။ တားမရသော အခါ ဆုမွန်ကောင်းတောင်းသောစကား၊ ပဒေသာလင်္ကာ၊ ငိုချင်း စသည်တို့ဖြင့် စစ်ကိုလိုက်၍ပို့သည်။ မင်းယဉ်နရသင်္ခနှင့် နရပတိစည်သူရာဇဝင်ကို ကပြသော အခါ ရှင်ဘုရင်က ခယ်မတော်ကို တောင်ညာတင်လိုသဖြင့် ပဆောင်ချမ်းတွင် စစ်ထွက်သည်ဟု ညီတော် နရပတိ စည်သူကိုလွှတ်သည်။ ညီတော် တပ်မတော်ချီမည်အပြုတွင် အိမ်ရှေ့ မိဖုရား ဝေဠုဝတီမယ်ဝါး၏ လွမ်းခန်းကို ဖွင့်ဆိုထား၏။ ဤအခန်းကား စစ်တား စစ်ပို့အခန်းပင်ဖြစ်သည်။ သည်တစ်ခေတ် မင်းသမီးလေးများ စစ်တားစစ်ပို့ကို ကြားဖူးသူရှားကြ၏။ တားလည်း မတားတတ်ကြ။ ပို့လည်းမပို့တတ်ကြ။ ငိုချင်း တစ်ပုဒ်လောက်နှင့် ငြိကြသည်။
ပိုက် - ပိုက်ဟူသော စကားမှာ အလောင်းပိုက်ကို ဆိုလိုသည်။ မင်းသမီး လုပ်သူသည် လင်သေရာတွင် လင်အလောင်း ပိုက်စကားပြောငို၊ ငိုချင်း၊ ငိုချင်းရှည်စသည်တို့ကိုလည်းကောင်း၊ သားသေရာ၌ သားအလောင်းကိုပိုက်၊ ဆိုင်ရာစသည်တို့ ၎င်းတတ်ကျွမ်းရသည်။ အလောင်းပိုက်လွမ်းခန်း အစုံအလင် တတ်ရမည်ဟု ဆိုလိုရင်းဖြစ်ပေသည်။
ဇော် - ဇော်ဟူသောစကားဇော်ဂျီကို ဆိုလိုသည်။ မင်းသားဇော်က ကတတ်သလို မင်းသမီးလည်း တပသီက ကတတ် ရသည်။ ယောက်ျားအတွက် ဇော်၊ မိန်းမ အတွက်ကား ဇော်အစား “တပသီ” ကို သုံးသည်။ သို့ကြောင့် တစ်နည်းအားဖြင့် ဆိုသော် မင်းသမီးဇော်က ကတတ်ရမည်။ ဇော်သီချင်း၊ ဇော်စကား ရရမည်ဟု ဆိုလိုသည်။ လင်ပျောက်ရှာခန်းတွင် ကိုကြီးနတ်က မင်းသမီးအား ရန်ကင်းစေ ရန် တပသီယောင်ဆောင်၍ ပေးလိုက် သောအခါ မင်းသမီးတပသီအဖြစ်နှင့် မတပသီ၊ စုံမြိုင်အောက်ကယ်ကလမ်းလေ လေးလမ်းလျှောက်လို့လာ အစရှိ သော သီချင်းမျိုးနှင့် ဇော်ကက၍ စခန်းသွားရသည်။ ထို့ကြောင့် မင်းသမီးဇော်ဖြစ်ကို မကတတ်လျှင် မင်းသမီးအင်္ဂါ မပြည့်စုံပေ။
ထို့ကြောင့် မြန်မာ့ဇာတ်သဘင်သည် မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုသည်ရှိသည်။ ဇာတ်သဘင်ပြုပြင်နည်း မှန်ကန်စွာဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကြရမည်မှာ အနုပညာသမားတိုင်း တာဝန်ဖြစ်ချေသည်။ အကတွင် ရှေးရိုးရာ မင်းသမီးအင်္ဂါ ခုနစ်ပါးနှင့် စစ်တမ်းတင်ကြည့်လျှင် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေသော မြန်မာ့ရိုးရာအကသဘင် ဆို၊ က၊ ရေး၊ တီးသည် မှတ်ကျောက်တင်လာခြင်းဖြစ်၍ နိုင်ငံတော်၏ မြန်မာ့ရိုးရာကိုယ်ပိုင်ယဉ်ကျေးမှုသည် ပြောင်မြောက်ထွန်းကားလာပေတော့မည်။ ။