ကျောက်ပန်းတောင်း   ၁၉   အောက်တိုဘာ 

 

သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလရောက်တိုင်း အညာဒေသ၏ ဘုရားပွဲတော်များတွင် ရိုးရာမပျက် မြန်မာ့ရိုးရာမုန့်ဆီကြော်နှင့် မုန့်လက်ခတ်များ အစဉ်အလာမပျက် ကြော်ကြကာ ဘုရားပွဲ လာမိတ်ဆွေများ၊ ဆွေးမျိုးသားချင်းများအား ဧည့်ခံကျွေးမွေးနိုင်ရန် ဘုရားပွဲမရောက်ခင်နှစ်ရက် ခန့်မှစတင်ကာ မုန့်ဆီကြော်၊ မုန့်လက်ခတ်များကြော်လေ့ရှိကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာနေ ဦးသောင်းရီက ပြောပြ၍ သိရသည်။

 

1

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် သီတင်းကျွတ်လနှင့်တန်ဆောင်မုန်းလတွင် ဝါကျွတ် ဘုရား ဗုဒ္ဓပူဇနိယပွဲတော်များတွင် အစဉ်အလာမပျက် မြန်မာ့ရိုးရာ မုန့်များပြုလုပ်ကြကြောင်း အဆိုပါမုန့်များပြုလုပ်ရာတွင် ဒေသထွက်ကုန် ပစ္စည်းများသာ အသုံးပြုလျက် ရိုးရာအစားအစာ မုန့်ပဲသွားရေစာပြုလုပ်ကာ ဘုရားပွဲလာရောက်ကြသည့် မိတ်ဆွေများ၊ အပေါင်းအသင်းများအား ကျွေးမွေးဧည့်ခံခြင်း၊ ဘုရားပွဲအပြန် လက်ဆောင်ထည့်ပေးခြင်းများ ယနေ့တိုင် ရှိနေကြသေးကြောင်း ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်အုပ်စု လဲဂွကျေးရွာရှိ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်နေ့တွင် ကျရောက်ကျင်းပမည့် ရွှေနတ်တောင်ဘုရားဗုဒ္ဓပူဇနိယပွဲတော်အတွက် ရိုးရာမုန့်ပြုလုပ်နေသည့် ဒေါ်ဝိုင်းငြိမ်းက ပြောပြသည်။ သီတင်းကျွတ် ဘုရားပွဲများတွင် ရိုးရာမုန့်ပြုလုပ်ရန်အတွက် ကောက်ညှင်းဆန်၊ ထန်းလျက်၊ မြေပဲဆီ(သို့မဟုတ်)နှမ်းဆီ၊ အုန်းသီး၊ ပဲငရှန်(သို့မဟုတ်)တောင်ပေါ်ပဲ၊ မြေပဲဆန်ကြော်၊ မြေပဲဆန်လျော်၊ နှမ်းစေ့လျော်များနှင့် ငှက်ပျောသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများ အဓိက လိုအပ်ကြောင်း သိရသည်။

 

မုန့်ဆီကြော်ပြုလုပ်ရန် ကောက်ညှင်းဆန်အား အမှုန့်ကြိတ်ပြီး ထန်းလျက်နှင့်ရေဖျော်ရကြောင်း မီးဖိုကာ မုန့်ကြော်သည့် အိုးကင်း(ဒယ်အိုး)သည် ဆန်စင်သည့် စကော(ဆန်ကော)ကဲ့သို့ ပြန့်ပြူးနေကာ မီးဖို၍ ကောက်ညှင်းနှင့် ထန်းလျက်ဖျော်ထားသည့် မုန့်ရည်အားခြင်ခွက်ဖြင့် ထည့်ကြော်ရကြောင်း အချို့မု့န်ဆီကြော်များတွင် ငှက်ပျော်သီးမှည့် ထည့်ကြော်ခြင်း၊ မြေပဲဆန်ထည့်ကြော်ခြင်းနှင့် နှမ်းထည့်ကြော်ကြကြောင်း ဂွေးကုန်းကျေးရွာ ဒေါ်ခင်တင့်က ရှင်းပြသည်။

 

3

 

မုန့်လက်ခတ်ပြု လုပ်ရာတွင် ကောက်ညှင်းမှုန့်၊ ဆား၊ ကြက်သွန်ဖြူ၊ ငရှန်ပဲတို့အား ရောကာထည့်ကြော်ရကြောင်း မုန့်ကြော်ပြီးပါက ပထမဆုံးကြော်သည့် မုန့်အား ဆွမ်းတော်ကပ်ခြင်း၊ အသက်အရွယ်ကြီးရင်သူများအား အဦးဆုံးကျွေးခြင်းများဖြင့် ကုသိုလ်ယူကြကြောင်း ဒေါ်ခင်တင့်က ရှင်းပြသည်။ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများတွင် မိမိတို့ဘုရားပွဲရောက်တိုင်း မြန်မာ့ရိုးရာမုန့်များအား အိမ်တိုင်း အိမ်တိုင်းပြုလုပ်နေကြသေးကြောင်း မြန်မာ့ရိုးရာ မုန့်များသည် အဟာရပြည့်ဝကာ ဒေသထွက်ပစ္စည်းများသာ အသုံးပြုထားခြင်းကြောင့် ကရိကထများသည်မှအပ အားလုံးကြိုက်ကြကြောင်း ရိုးရာမုန့်များအား အညာဒေသရှိ သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလဘုရားပွဲများတွင် မြန်မာ့ရိုးရာအညာ မုန့်ဆီကြော်၊ အညာမုန့်လက်ခတ်များ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)