လင်းလင်း
“တံတားတွေနဲ့ တောင်တွေက အစိမ်းရောင်နဲ့ အပြာရောင်တွေဖြစ်တဲ့အတွက် မြို့နာမည်ကို ဟိုးဟော့လို့ နာမည်ခေါ်တွင်တာပါ”ဟု ဒေသခံအမျိုး သမီးလေးက ရှင်းပြသည်။ စိတ်ဝင် စားစရာဖြစ်သည့်အတွက် ဖြတ်သန်း သွားလာရာလမ်းတစ်လျှောက် သတိထားကြည့်သည့်အခါ တံတားများက အစိမ်းနှင့် အပြာရောင်များဖြစ်ပြီး တောင်များက စိမ်းညို့ညို့ တည်ရှိနေသည်ကို တွေ့ရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိသည့် အတွင်းမွန်ဂို လီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Inner Mongolia Autonomous Region)၏ မြို့တော်မှာ ဟိုးဟော့ (Hohhot) ပင် ဖြစ်သည်။
ပေကျင်းမြို့ Beijingbey ဘူတာမှ နံနက် ၈ နာရီခွဲတွင် ထွက်လာသည့် မြန်နှုန်းမြှင့်ရထားသည် ကီလိုမီတာ ၅၀၀ ခန့်အကွာတွင် တည်ရှိသည့် ဟိုးဟော့မြို့ Huhehaote ဘူတာသို့ နံနက် ၁၁ နာရီတွင် ဆိုက်ရောက်သည်။
သမိုင်းဝင်မြို့တော်တစ်ခုအဖြစ် တည်ရှိ
ဟိုးဟော့မြို့ကို ၁၆ ရာစုတွင် အလာတန်ခန် (Altan Khan) က တည်ထောင်ခဲ့ပြီး မွန်ဂိုလူမျိုးများ၏ သမိုင်းဝင် မြို့တော်တစ်ခုအဖြစ် တည်ရှိခဲ့ရာမှ ယနေ့ခေတ်တွင် မွန်ဂိုလီးယားရိုးရာ ယဉ်ကျေးမှုနှင့် ခေတ်မီမြို့ပြဖွံ့ဖြိုးမှုတို့ ပေါင်းစပ်ကာ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများ၊ သမိုင်းဝင်အမွေအနှစ်များ၊ ဗိသုကာလက်ရာများ၊ ခေတ်မီမြို့ပြ အဆောက်အအုံများနှင့် သဘာဝအလှ တရားများက နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်နိုင်သည့် သာယာလှပသော မြို့တော်တစ်ခုဖြစ်လာသည်။
ဟိုးဟော့မြို့သည် ၁၇၂၂၄ စတုရန်း ကီလိုမီတာကျယ်ဝန်းပြီး လူဦးရေ ၃ ဒသမ ၄ သန်းခန့် မှီတင်းနေထိုင်လျက်ရှိသည်။
“ဟိုးဟော့ဆိုတဲ့ အမည်က မွန်ဂိုဘာသာစကားနဲ့ အပြာရောင်မြို့တော် (Blue City)လို့အဓိပ္ပာယ်ရပြီး မွန်ဂိုလီးယား ယဉ်ကျေးမှုနဲ့ ဟန်လူမျိုးတို့ရဲ့ ဓလေ့ ထုံးတမ်းတွေပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီဒေသက ရိုးသား တယ်၊ ကြင်နာတတ်ပြီး စိတ်စေတနာလည်း ကောင်းကြတယ်”ဟု အမျိုးသမီးလေးက ဆက်လက်ရှင်းပြသည်။
ရိုးရာအစားအစာများ
ခရီးသွားများ လေ့လာလည်ပတ်စရာ အထင်ကရနေရာများစွာ တည်ရှိပြီး နို့၊ လက်ဖက်ခြောက်နှင့် ဆားရောစပ်ထားသော (Mongolian Milk Tea)၊ သိုးသား စသည်ဖြင့် ဒေသထွက် ရိုးရာအစားအစာ များမှာလည်း အတွင်းမွန်ဂိုလီးယားဒေသ ဟိုးဟော့မြို့၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နို့နှင့် နို့ထွက်ပစ္စည်းစားသုံးမှု လိုအပ်ချက်ကို အဓိကပံ့ပိုးပေးနေသည့် မြို့တော်အဖြစ် ကျော်ကြားပြီး ဟိုးဟော့မြို့ရှိ National Center of Technology Innovation for Dairy သည် အတွင်းမွန်ဂိုလီးယား၏ နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်း ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာ၊ သုတေသနနှင့် စီးပွားရေးတို့ကို အချိုးညီ ပေါင်းစပ်ကာ ကျေးလက်ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအထိ အကျိုးပြုဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဘေးကင်းမှုကို အဓိကထားပြီး အရသာ၊ အရည်အသွေးတို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံများအထိ ဈေးကွက် အခိုင်အမာရရှိနေသည့် Yili ကဲ့သို့ နိုင်ငံတကာ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီကြီးများ တည်ရှိသည်ကို တွေ့ရသည်။
ဟိုးဟော့မြို့ကို AI နည်းပညာသုံး (Smart City) အဖြစ် အကောင်အထည် ဖော်ဆောင်ရေး၊ လမ်းပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန် ယာဉ်ကြောထိန်းချုပ်ခြင်း၊ စွမ်းအင်သုံးစွဲမှုလျှော့ချရေး၊ အလင်း ရောင်၊ ရေနှင့် လျှပ်စစ်စီမံခန့်ခွဲမှုများ၊ ဒေသခံလုပ်ငန်းများအား အွန်လိုင်း ဈေးကွက်နှင့် ချိတ်ဆက်ပေးပြီး ဒစ်ဂျစ် တယ်စီးပွားရေးအသွင်ကူးပြောင်းရေးတို့အတွက် အရေးပါသည့် (Data Exchange Center) တည်ရှိနေသည်။
နည်းပညာ အံ့မခန်းတိုးတက်မှုများနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ခရီးသွားလုပ်ငန်းများ၊ စီးပွားရေးနှင့် သုတေသန လုပ်ငန်းများအတွက် ဒေတာစင်တာက ဒေတာများကို စနစ်တကျစုစည်းခြင်း၊ သိုလှောင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဖလှယ်ခြင်း ဝန်ဆောင်မှုများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုလျက်ရှိသည်။
ထို့အတူ အနုပညာချစ်မြတ်နိုးသူများ၊ ခရီးသွားဧည့်သည်များနှင့် ရိုးရာယဉ်ကျေးမှုကို လေ့လာလိုသူများအတွက် အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုးဟော့မြို့ရှိ International Sculpture Park သည် စိတ်ဝင်စား ဖွယ်နေရာတစ်ခုဖြစ်သည်။
အနုပညာလက်ရာမြောက်အောင် ဖော်ကျူး
ကမ္ဘာကျော် ပန်းပုပညာရှင်များ၏ လက်ရာများ၊ နိုင်ငံတကာမှ ထင်ရှားသောပုဂ္ဂိုလ်များ၏ ရုပ်တုများနှင့် မွန်ဂိုလီးယားရိုးရာပုံပြင်များ၊ သမိုင်းကြောင်းနှင့် လူနေမှုစနစ်များ၊ ယဉ်ကျေးမှုနှင့် သဘာဝအလှတရားတို့ကို အနုပညာ လက်ရာမြောက်အောင် ဖော်ကျူးထားသည်။ ဒေသခံများ၏ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပြိုင်အနုပညာကို ပေါင်းစပ်ပြသထားပြီး မတူညီသော ယဉ်ကျေးမှုများကို ပါ လေ့လာနိုင်သည့်အတွက် ခရီးသွားများကို ဆွဲဆောင်နိုင်သော စိတ်ဝင်စား ဖွယ်နေရာတစ်ခုလည်း ဖြစ်သည်။
အလှဆင်မီးများကြောင့် ရှုခင်းများကို ပိုမိုသက်ဝင်လှပစေကာ ထူးခြား ဆန်းပြားသောရုပ်တုများကလည်း ခရီးသွားများအတွက် အမှတ်တရဓာတ်ပုံ ရိုက်စရာနေရာတစ်ခုဖြစ်သည်။
မေလမှ စက်တင်ဘာလသည် အပူချိန်သင့်တင့်ပြီး မြက်ခင်းပြင်များစိမ်းလန်း နေချိန်ဖြစ်သည့်အတွက် စိတ်မွန်းကျပ်မှုတို့မှ ဖြေဖျောက်ရန်၊ ရိုးရာယဉ်ကျေးမှုနှင့် သဘာဝအလှတရားတို့ကို ထိတွေ့ခံစားနိုင်ရန် ဟိုးဟော့မြို့သို့ လည်ပတ်ရန် အကောင်းဆုံးလများပင်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုးဟော့မြို့သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့် ခရီးသွားလုပ်ငန်းတို့အတွက် ထူးခြားသောဒေသ တစ်ခုအဖြစ် တည်ရှိနေပြီး နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ တာဝန်ကျေနေသော မြို့ပြတစ်ခုအဖြစ် မှတ်တမ်းတင်မိပါသည်။ ။