၁၇ ဇူလိုင်


ရန်ကုန် မြို့တော်ကြီးကို အနာဂတ်ပြည်သူများအတွက် နေချင့်စဖွယ် စိမ်းလန်းစိုပြည်မှုများနဲ့  ပြည့်စုံနေတဲ့ မြို့တော်ကြီးတစ်မြို့အဖြစ် ယခုအချိန် ကတည်းက စတင်ပုံဖော်ဖန်တီးလျက်ရှိပါတယ်။ ရန်ကုန်မြို့တော်အတွင်းက ဆောက်လက်စ တိုက်တာအဆောက်အအုံကြီးများ၊ ရန်ကုန်မြို့ပြရဲ့ နေရာအနှံ့မှာတည်ရှိနေတဲ့ စိမ်းလန်းတဲ့ပန်းဥယျာဉ်များ၊ လူတို့ပုံဖော်ဖန်တီးမှုနဲ့ ပြုပြင်ရယူထားတဲ့ ရေကန်ကြီးများဟာ ရန်ကုန်မြို့တော်ကြီးကို နေချင်စဖွယ် မြို့ကြီးတစ်မြို့အဖြစ် ပုံဖော်ဖန်တီးရာမှာ လွန်စွာမှ အထောက်အကူပြုမှာပဲဖြစ်ပါတယ်။


ဒါကြောင့်လည်း အပတ်စဉ်ထုတ်ဝေနေတဲ့ ရန်ကုန်စာမျက်နှာကဏ္ဍမှာ ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုး တိုးတက်မှုပြယုဂ်တွေဖြစ်တဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးမှု၊ မြို့ပတ်ရထားလမ်းများ ပုံဖော်ဖန်တီးနေမှု၊ မြို့သစ် စီမံကိန်းများ အကောင်အထည်ဖော်နေမှု၊ လျှပ်စစ် ကဏ္ဍ၊ မော်တော်ယာဉ်ကဏ္ဍ၊ လူမှုပတ်ဝန်းကျင် ဆိုင်ရာအခြေအနေများကို အလျဉ်းသင့်သလို ရေးသား ဖော်ပြလျက်ရှိနေပါတယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ပြခဲ့သလို ရန်ကုန်မြို့တော်သူ မြို့တော်သားများရဲ့ ပြောင်းလဲလာတဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း အဆင်သင့်သလို ဖော်ပြပေးလျက် ရှိပါတယ်။


ရန်ကုန်မြို့ပြအမွေအနှစ် တန်ဖိုးထားရန်


နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်မှုများနဲ့ ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့တော်ကြီးမှာ ရုပ်ဝတ္ထု ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနဲ့ ကြုံတွေ့ကြရသလို စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများလည်း လိုအပ်လျက်ရှိနေတာကို တွေ့ရှိရပါတယ်။ ရန်ကုန် မြို့ပြရဲ့ အမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်းလက်ရာ အဆောက်အဦ၊ ပစ္စည်းပစ္စယတွေကို ရန်ကုန်သူ ရန်ကုန်သားတို့ တန်ဖိုးထားတတ်လာအောင် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ပေးနေသလို အရုပ်ဆိုးအကျည်းတန်လှတဲ့ ရန်ကုန်မြို့ နောက်ဖေးလမ်းကြား ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကိုလည်း အချို့လူမှုအဖွဲ့အစည်းများက တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ပေးလျက် ရှိပါတယ်။


ရန်ကုန်မြို့တော်ကြီးကို မြို့ပြအင်္ဂါရပ်များ နဲ့အညီ သာယာဝပြောအောင် တည်ထောင်ဖို့ ဆိုရင် လူတစ်စု၊ အစိုးရတစ်ရပ်၊ အဖွဲ့အစည်းတစ်ခု တည်းနဲ့ ထူထောင်လို့မရနိုင်ပါဘူး။ တစ်ချိန်က စကားနဲ့ပြောမယ်ဆိုရင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန်သော ရန်ကုန်လူထုရဲ့ ပူးပေါင်း ပါဝင်မှုနဲ့သာ အောင်မြင်မှုကို အရယူနိုင်မှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့နဲ့အတူ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ မြေယာပိုင်ရှင်ကြီးများ၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများဟာ ရန်ကုန်မြို့တော်ကြီးကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို စွမ်းဆောင်နိုင်ကြပါမယ်။ သို့သော်လည်း တည်ဆောက်ထားတဲ့ ရုပ်ဝတ္ထုပစ္စည်းများကို မပျက် မယွင်းဘဲ ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားဖို့ အတွက်ကတော့ မြို့သူမြို့သားများရဲ့ ပူးပေါင်းပါဝင်မှုဟာ လွန်စွာမှအရေးကြီးလှပါတယ်။


ရန်ကုန်မြို့ ရေစီးရေလာကောင်းမွန်လာ


တစ်ချိန်က ရေကြီးရေလျှံမှုများကို နှစ်စဉ်လိုလို ကြုံတွေ့ခဲ့ရတဲ့ ရန်ကုန်မြို့တော်ဟာအခုဆိုရင် ရေကြီးရေလျှံမှု ၇၅ ရာခိုင်နှုန်းအထိ လျော့ကျသွား ပြီဖြစ်ပါတယ်။ တစ်နှစ်တာကာလပတ်လုံး နေပူ မိုးရွာမရှောင်၊ နေ့ညမခွဲခြားဘဲ အားမာန်အပြည့်ဖြင့် ဆောင်ရွက်ခဲ့ကြတဲ့ စည်ပင်ဝန်ထမ်းကြီးများရဲ့ စွမ်းဆောင်မှုကြောင့် အမှိုက်သရိုက်များ ပြည့်နှက်နေတဲ့ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန် သွားတဲ့အတွက် ယခင်ကလို ရေကြီးရေလျှံမှု မဖြစ်တော့ဘဲ လျော့နည်းသွားရခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့တော်သူ မြို့တော်သားများအနေဖြင့် လည်း မည်သူမျှဆင်းပြီး သန့်ရှင်းရေးမလုပ်ချင် သည့် ရေနုတ်မြောင်းများအတွင်း အမှိုက်စွန့်ပစ် ခြင်းကိုရှောင်ရှားတဲ့ အသိတရားထား နေထိုင်သင့် တဲ့အချိန်ကာလတစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။


တစ်ချိန်က ရန်ကုန်မြို့လယ် နောက်ဖေး လမ်းကြားဟာ စွန့်ပစ်အမှိုက်ပေါင်းစုံ၊ မကောင်း သော အနံ့အသက်တို့ ခိုလှုံရာနေရာတစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကစလို့ မြန်မာပြည်ရောက် တိုင်းတစ်ပါးသူတစ်ဦးရဲ့ စိတ်ကူးအကောင် အထည်ဖော်မှုကနေ စတင်ခဲ့တဲ့ နောက်ဖေး လမ်းကြားဥယျာဉ်စီမံချက်များဟာ ရန်ကုန် မြို့လယ်မှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလျက် ရှိပါတယ်။ ဒါဟာ စံပြုစရာ ဥပမာကောင်းတစ်ခု ပါ။ ရန်ကုန်မြို့တော်သူ မြို့တော်သားတို့အနေဖြင့်လည်း မိမိနေထိုင်ရာ မြို့တော်ကြီးသန့်ရှင်းသပ်ရပ် စေရေးအတွက် မိမိနေထိုင်ရာ လူမှုပတ်ဝန်းကျင် သန့်ရှင်းရေးကို အလေးထားလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။


မြို့တော်သန့်ရှင်းမှု ထိခိုက်လုပ်ရပ် တွေ့ရှိသတင်းပို့


ရန်ကုန်မြို့ကြီး သန့်ရှင်းသာယာလှပဖို့ အတွက် မြို့နေလူထုရဲ့ ကူညီပံ့ပိုးမှုဟာ လွန်စွာမှ အရေးပါလှပါတယ်။ ခေတ်အဆက်ဆက် အရာရာ နောက်ကျမှုများနဲ့ မျက်နှာငယ်ခဲ့ရတဲ့ ရန်ကုန် မြို့တော်ကြီးကို အနာဂတ်ဆီ တွန်းပို့ရာမှာ မြို့နေ လူထုပူးပေါင်းမှုဟာ အရေးကြီးပါတယ်။ ပူးပေါင်းမှုကိုလည်း အချိန်မဆိုင်းဘဲ စတင်ဖို့လိုအပ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်းမှာ ရွေးကောက်ခံစည်ပင် ကိုယ်စားလှယ်များ အသီးသီးရှိနေကြပါတယ်။ မြို့နယ်အလိုက် တာဝန်ယူထားတဲ့ စည်ပင်သာယာဥက္ကဋ္ဌများရဲ့ ဖုန်းနံပါတ်များကို ပြည်သူများသိရှိထားဖို့ လိုအပ် ပါတယ်။ ဥပမာအားဖြင့် ကားမှတ်တိုင်ဧရိယာ အတွင်း ဈေးရောင်းနေခြင်းမျိုး၊ ကားလမ်းမပေါ် ဈေးဗန်းခင်းရောင်းချနေခြင်းမျိုး၊ လူသွားလမ်း ပလက်ဖောင်းကို ပိတ်ပင်ဈေးရောင်းနေခြင်းမျိုး၊ ရေနုတ်မြောင်းများ ပိတ်ဆို့စေရန် စီမံဆောင်ရွက် နေခြင်း၊ လမ်းဘေးဓာတ်မီးတိုင်ကို ကြော်ငြာကပ် နေခြင်းမျိုး အစရှိတဲ့ မြို့တော်ရဲ့ သန့်ရှင်းသာယာ လှပမှုကို ထိခိုက်စေသော လုပ်ရပ်တွေကို ချက်ချင်း သတင်းပေးပို့တိုင်ကြားရန် လိုအပ်ပါတယ်။ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများကလည်း ချက်ချင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်ပါတယ်။


ပြည်သူများအချင်းချင်း ဝိုင်းဝန်းထိန်းသိမ်း


အများပြည်သူသုံး YBS ကားကြီးများပေါ်မှာ လေအေးပေးစက်ဖွင့်ထားရင် မှန်တံခါးများကို ပိတ်ထားကြရမှာပါ။ ဒါပေမယ့် တချို့က မှန်တံခါး ဖွင့်၊ ပြင်ပလေ ခံကြပါတယ်။ လေအေးပေးစက်က အများအတွက် မထိရောက်တော့ပါဘူး။ မိမိတစ်ကိုယ်ရေ အကျိုးထက် အများအကျိုးကို မသိယောင်ဆောင်တတ်သော သူမျိုးကိုတွေ့လျှင် ယဉ်ကျေးစွာပြောဆို၍ တံခါးပိတ်စေသင့်ပါတယ်။ အများပြည်သူမှလည်း အကောင်းဘက်ကို ဦးဆောင်သောသူဘက်မှ ဝိုင်းဝန်းရပ်တည်သင့် ပါတယ်။ ယာဉ်မောင်းအနေဖြင့်လည်း ထပ်မံ မေတ္တာရပ်ခံသင့်ပါတယ်။ ထို့ထက်ထူး၍ ပြောဆို မရလျှင် အနီးဆုံးယာဉ်ထိန်းရဲ အကူအညီဖြင့် ယာဉ်ပေါ် စီးနင်းလိုက်ပါခြင်းကို တားမြစ်သင့်ပါတယ်။ ဤနည်းဖြင့် ပြည်သူများအချင်းချင်း ဝိုင်းဝန်းထိန်း ကျောင်းသော စနစ်တစ်ခုကို အစပြုသင့်ပါတယ်။


အချိန်နှင့်ဒီရေသည် လူကိုမစောင့်ပါ။ ရန်ကုန် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သည့်အရာကိုမျှ စောင့်ဆိုင်းမနေသင့်ပါ။ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် ငါးနှစ်တစ်ခါတက်လာမည့် အစိုးရကို စောင့်ဆိုင်းမနေသင့်ပါ။ ရန်ကုန်မြို့သူမြို့သား အပေါင်း တစ်ဦးကိုတစ်ဦး အပြန်အလှန်ဖေးမရင်း၊ အပြန်အလှန် အကူအညီပေးရင်း၊ အပြန်အလှန် အနစ်နာခံရင်း ရိုးရှင်းသောစိတ်ရင်းစေတနာအမှန် ဖြင့် သန့်ရှင်းသာယာလှပသော ရန်ကုန်မြို့တော်ကို တည်ဆောက်ဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါ ကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။ ။


ရှင်နော်၊ ဓာတ်ပုံ - မောင်ယဉ်ဦး(ဒလ)