လှိုင်းဘွဲ ၂၈ ဇန်နဝါရီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း အစီအစဉ်တွင် ရိုတာဗိုင်းရပ် ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ပါဝင်သော (Penta-4) ကာကွယ်ဆေး စတင်ထည့်သွင်း တိုက်ကျွေးခြင်း မြို့နယ်အဆင့် အသိပေးဆွေးနွေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက မြန်မာနိုင်ငံတွင် ရိုတာဗိုင်းရပ်ကြောင့် ဖြစ်ပွားသည့်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်နှင့် အသက် (၅) နှစ်အောက် ကလေးသေဆုံးမှု လျှော့ချနိုင်စေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း အစီအစဉ်တွင် ရိုတာဗိုင်းရပ်ရောဂါပိုး ဖြစ်ပွားရခြင်း၊ ကူးစက်ပျံ့နှံ့ခြင်းနှင့် ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများအကြောင်းနှင့် ကာကွယ်ဆေးကို ဖေဖော်ဝါရီလတွင် စတင်တိုက်ကျွေး သွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း မွေးဖွားသော ကလေးငယ်များအား ကာကွယ်ဆေးကို ဖေဖော်ဝါရီ (၁) ရက် တွင် (၂)လမှ (၄)လအရွယ် ကလေးငယ်များအား နှစ်ကြိမ်တိုက်ကျွေးသွားမှာဖြစ်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်း အစီအစဉ်တွင် ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)