အင်းတော် ၁  ဖေဖော်ဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအမံဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ကလေးငယ်များအား ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကို ဖြစ်ပွားစေသော ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး တိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က အင်းတော်မြို့နယ် ကျန်တောကျေးရွာအုပ်စု နားနောင်-ကျော်ရွာ ဘုန်းတော်ကြီးကျောင်းဇရပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးတိုက်ကျွေးခြင်း အခမ်းအနားကို အင်းတော်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြကုဋေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ရိုတာဗိုင်းရပ်စ် နှင့် ပတ်သက်၍ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့သည်။ ၎င်းနောက် ကလေးငယ်များအား ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးကို တိုက်ကျွေးခဲ့ပြီး အမှတ်တရ လက်ဆောင်အရုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါကို ကာကွယ်သည့်ဆေးဖြစ်ပြီး၊ ရိုတာဟုခေါ်သော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွား သော ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးသည့် ဆေးဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးတိုက်ကျွေးထားသည့် ကလေးငယ်များအဖို့ ယင်းရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်မည်ဖြစ်ပြီး ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားသော ဝမ်းပျက် ဝမ်းလျှောရောဂါကိုမူ ကာကွယ်နိုင်မည် မဟုတ်ကြောင်း၊ ကလေးငယ်များတွင် အများအားဖြင့် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု အရေအတွက်ကို အဆိုပါ ကာကွယ်ဆေး တိုက်ကျွေး ထားခြင်းဖြင့် လျော့ချသွားနိုင်မည်ဖြစ်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုအရေအတွက်ကိုလည်း လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း၊ ယခုတိုက်ကျွေးသည့် ကာကွယ်ဆေးသည် မြန်မာနိုင်ငံအတွင်း တိုက်ကျွေး နေသည့် ကာကွယ်ဆေးအရေအတွက် ( ၁၂ ) မျိုးမြောက် ကာကွယ်ဆေးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက ပြောပြခဲ့သည်။

ကျော်သီဟ