ထားဝယ် ၂၈ ဇန်နဝါရီ

 

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အမှာစကားပြောကြားရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကလေးငယ်များ၏ ကျန်းမာရေးပြဿနာများကို ဖြေရှင်းဆောင်ရွက်လျက်ရှိရာ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေသော ရိုတာဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်နိုင်ရန် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးတိုက်ကျွေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာရှိသော ကလေးငယ်များ သေဆုံးရခြင်း၏ တတိယအများဆုံး အကြောင်းရင်းဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ကြောင်း၊ မိဘများအနေဖြင့် မိမိတို့၏ရင်သွေးများ၊ တိုင်းပြည်၏ အနာဂတ်ကလေးများကို ရောဂါပိုး (၁၂)မျိုးကနေ အပြည့်အဝကာကွယ်ပေးနိုင်ရန် ရရှိသင့်သော ကာကွယ်ဆေးမှန်သမျှ အကြိမ်ပြည့် အချိန်မှန်ရရှိရန် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမင်းက အသက်(၅)နှစ်အောက် ကလေးငယ်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေသော အဓိကအကြောင်းအရင်းမှာ ရိုတာဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့်ဖြစ်ကြောင်း၊ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးပေးခြင်းကသာ အဓိကအထိရောက်ဆုံး ကာကွယ်ပေးနိုင်သော နည်းလမ်းဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်တွင် အသက်(၂)နှင့် (၄)လအရွယ်ကလေးများကို ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး ထည့်သွင်းတိုက်ကျွေးပေးသွားမှာ ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာမြတ်ဖြူပြာအေးက ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထည့်သွင်းတိုက်ကျွေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာ ပိုလီယိုပပျောက်ရေးအရာရှိ ဒေါက်တာ ဝင်းကြူကြူထိုက်က တရုတ်နိုင်ငံ ဝူဟန်မြို့တွင် လတ်တလောဖြစ်ပွားနေသော Novel Coronavirus ရောဂါပိုး ဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်(ပြန်/ဆက်)