မောင်သက်ဝေ (အမ်း)
မြန်မာနိုင်ငံတော်ကြီး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့စဉ် “သူ့ကျွန်မခံလိုပြီ” ဟူသော ဇာတိသွေး၊ ဇာတိမာန် ထက်သန်သော အမျိုးဂုဏ်ဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် ဦးစွာပထမ ပြည်သူလူထုတစ်ရပ်လုံးအား နိုင်ငံရေးမျိုးစေ့ကို ချပေးခဲ့သောပုဂ္ဂိုလ်ကား “ဝံသာနု ရက္ခိတ ဆရာတော်ဦးဥတ္တမ” ပင်ဖြစ်သည်။ ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်နဲ့အညီ မြန်မာ့ယဉ်ကျေးမှု ရိုးရာအစဉ်အလာအရ ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်ဟု ခံယူလျက် မြန်မာပြည်ကြီး သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ရှေ့ဆောင်လမ်းပြခဲ့သော ဆရာတော်၏ကြီးမားသော ကျေးဇူးဂုဏ်ကို အစဉ်သတိရ ရိုသေလေးစား သောအားဖြင့် ဤဆောင်းပါးကို ရေးသား လိုက်ရပါသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ဆရာတော်ဦးဥတ္တမ၏ ဘဝနိဂုံးအဆုံးသတ် ခန္ဓာဝန်ချခဲ့ရသည်မှာ (၇၉)နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ သို့သော်လည်း ဆရာတော်အကြောင်း ကိုမေးလိုက်လျှင် ယနေ့ခေတ်လူငယ် တော်တော်များများ မသိကြပေ။ ဒါသူတို့ အပြစ်မဟုတ်ပါ။ တစ်ချိန်ကတော့ မြန်မာနိုင်ငံ ကျောင်းသုံးစာအုပ်များ၌ ဆရာတော်၏ အတ္ထုပ္ပတ္တိအကျဉ်းကို ထည့်သွင်းသင်ကြား စေခဲ့သည်။ သို့သော်လည်း ယနေ့ပြဋ္ဌာန်း စာအုပ်မှာကား ဆရာတော်နှင့်ပတ်သက်သော ကဗျာ၊ ဆောင်းပါး၊ အတ္ထုပ္ပတ္တိများ မပါရှိတော့ပေ။ ရင်ထဲမှာ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပဲ။
ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကို မှတ်တမ်းတင်သောအားဖြင့် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ နာဂရီပရကျာရ်နီဆဘာ အမည်ရှိသော စာပေအဖွဲ့အစည်းတစ်ခုက ထုတ်ဝေသည့် ဟိန္ဒူဘာသာ စွယ်စုံကျမ်းတွင် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်ခေါင်းဆောင် ဆရာတော်ဦးဥတ္တမအကြောင်းကို တခမ်းတနား ရေးသားဖော်ပြထားသည်။ ဂျပန်နိုင်ငံ ကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန် ဘာသာဖြင့် ဆရာတော်အကြောင်း စာအုပ်များ ထုတ်ဝေရေးသားခဲ့ကြသည်ဟုလည်း လေ့လာ မှတ်သားရသည်။
၁၉၉၆ ခုနှစ် စစ်တွေမြို့ စာပေဟောပြော ပွဲတစ်ခု၌ ဆရာကြီးပါရဂူက “ဆရာတော်ကို မေ့မထားသင့်ပါ။ စစ်တွေမှာ ဆရာတော် နာမည်နဲ့ ခန်းမဆောက်ပြီး ကြေးရုပ်တုရှိတယ်။ ကျွန်တော်အများကြီး ဝမ်းသာကြည်နူး မိတယ်။ ဒီအတိုင်းအတာနဲ့ အားမရပါ။ နိုင်ငံအတိုင်းအတာနဲ့ လုပ်စေချင်ပါတယ်”ဟု ပြောကြားခဲ့ဖူးကြောင်း လေ့လာသိရှိရသည်။
ဆရာတော်ဦးဥတ္တမသည် ရခိုင် တိုင်းရင်းသား ဗုဒ္ဓရှင်တော်မြတ်၏ သားတော်တစ်ပါးဖြစ်သော်လည်း ရခိုင် လူမျိုးကောင်းစားရေး၊ ဗုဒ္ဓဘာသာပြန့်ပွားရေးတို့ကိုသာ အဓိကထား မလုပ်ဆောင်ခဲ့ပေ။ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် မိမိ ယုံကြည်ရာ ဘာသာအယူဝါဒကို ကိုးကွယ်ကြသော မြန်မာပြည်ဖွားတိုင်းရင်းသား ပေါင်းစုံအားလုံးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး မြန်မာပြည်ကြီး လွတ်လပ်ရေး ရရှိရေးကိုသာ အဓိကဦးတည်ရည်မှန်းပြီး ရှေ့တန်းက မားမားမတ်မတ်ရပ်တည်တိုက်ပွဲ ဝင်ခဲ့သည်။ အခြေအနေအရ ပေါ်ပေါက်လာခဲ့သော ပင်လုံထက်စောစီးစွာ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ပြည်ထောင်စုမျိုးစေ့ကို ချပေးခဲ့သည်။ ဆရာတော်သည် ပြည်ထောင်စု ဗိသုကာအဖြစ် မော်ကွန်းထိုးထိုက်သည့် ပုဂ္ဂိုလ်ပါ။
ဆရာတော်ဦးဥတ္တမကို နိုင်ငံတော်အဆင့် အဘယ်ကြောင့် ဂုဏ်ပြုထိုက်သလဲဆိုသည်နဲ့ ပတ်သက်ပြီး ဆရာတော်၏ဘဝဇာတ်ကြောင်း တစေ့တစောင်းကို အနည်းငယ် တင်ပြလိုပါသည်။
ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရပ် ချောင်းနားတန်း ဖခင် ဦးမြသာဦး၊ မိခင် ဒေါ်အောင်မိခင် ဒေါ်အောင်ကြွဖြူတို့မှမွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် အကြီးဆုံးဖြစ်ပြီး ငယ်နာမည်မှာ ပေါ်ထွန်းအောင်ဖြစ်သည်။ ငယ်စဉ်အရွယ် ကျောင်းနေစဉ် ပဉ္စမတန်း၌ ဒုတိယပညာသင်ဆုကိုရရှိသည်။ ပေါ်ထွန်းအောင်မှာ အင်္ဂလိပ်မျက်နှာဖြူ ရခိုင်တိုင်းမင်းကြီးကိုယ်တိုင် ကြွရောက် ဆုချီးမြှင့်သည့်ဆုကို လက်ခံရယူသော်လည်း ဝမ်းသာမှုမရှိခဲ့ပေ။ ညီကိုခေါ်၍ စစ်တွေမြို့ကမ်းနားဘက်သို့သွားပြီး ရရှိခဲ့သောဆုကို ချိုးဖဲ့ဆုတ်ဖြဲကာ ကုလားတန်မြစ်ထဲသို့ ပစ်ချလိုက်သည်။ ပစ်ချပြီးသောအခါ ပေါ်ထွန်းအောင်က ညီဖြစ်သူအား “ဒီမှာ ငါ့ညီ၊ ဆုယူရင် ပထမဆုကိုပဲယူ။ ဒုတိယတို့၊ တတိယတို့ဆိုရင် ဘယ်တော့မှ မယူနဲ့” ဟု ဆိုလေသည်။ ငယ်စဉ် အရွယ်ကပင် ဆရာတော်၏စိတ်ထားကား တကယ့်ပင်မြင့်မားလှ၏။
အသက် ၁၅နှစ်အရွယ်တွင် မိဘများက သင်္ကန်းစည်းပေးပြီး ရဟန်းဝတ်ဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူ၊ ပခုက္ကူ၊ မအူပင် စသည့် မြို့များသို့ လှည့်လည်သွားရောက် နေထိုင်လျက် ဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာဆည်းပူးခဲ့သည်။ ဆရာတော်သည် အသက် ၂၀ ဝန်းကျင်တွင် ရဟန်းအဖြစ်ခံယူပြီး နောက် အိန္ဒိယ၊ ဂျပန်၊ တရုတ် စသော အရှေ့နိုင်ငံများအပြင် အီဂျစ်၊ ပြင်သစ် စသော အနောက်နိုင်ငံများသို့သွား၍လည်း ပညာ လေ့လာဆည်းပူးခဲ့သည်။ ထိုသို့ နိုင်ငံခြား တိုင်းပြည်များ၌ ပညာသင်ကြားနေစဉ် ဘာသာစကား ကိုးမျိုးကို တတ်ကျွမ်းသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံ၌နေထိုင်စဉ် ဟိန္ဒူမဟာ ဆဗ္ဗအသင်းကြီးတွင် ဥက္ကဋ္ဌဖြစ်ရန်အတွက် အိန္ဒိယပြည်ရှိ ပဏ္ဍိတကြီးများနှင့် ယှဉ်ပြိုင် အရွေးခံခဲ့ရသည်။ ထိုအသင်းကြီး၌ ဥက္ကဋ္ဌအဖြစ် အရွေးခံရမှုသည် လွယ်သည့်ကိစွ မဟုတ်ပေ။ ထို့နောက် ဆရာတော်သည် အိန္ဒိယပြည်သူများ၏ လေးစားမှုကို ရရှိလာခဲ့သည်။ ဂျပန်ပြည်တွင်လည်း ငါးနှစ်ကြာမျှ နေထိုင်ပြီး အထွေထွေဗဟုသုတများကို ရှာမှီးရင်း တိုကျိုတက္ကသိုလ်၌ ပါဠိပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။ ပါမောက္ခအဖြစ် ထမ်းဆောင်နေချိန်တွင် တရုတ်ပြည် ခေါင်းဆောင် ဒေါက်တာဆွန်ယက်ဆင်နှင့်လည်း အကြိမ်ကြိမ်တွေ့ဆုံပြီး နိုင်ငံရေးရာကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ဆရာတော်သည် ဒေါက်တာဆွန်ယက်ဆင်၏ ပင့်လျှောက်မှုကြောင့် ၁၉၀၉ ခုနှစ်တွင် တိုကျိုတက္ကသိုလ်မှ ခွင့်သုံးလယူကာ တရုတ်နိုင်ငံသို့ လိုက်ပါသွားခဲ့ သည်။
ဆရာတော်သည် ၁၉၁၁ ခုနှစ်တွင် ဂျပန်မှ မြန်မာပြည်သို့ ပထမအကြိမ် ကြွရောက်လာစဉ် ကိုရီးယား၊ တရုတ်၊ ပြင်သစ်၊ အင်ဒိုချိုင်းနား (ယခု ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို) သို့ ဝင်ရောက်လေ့လာခဲ့သည်။ ဆေးဂုံမြို့ (ဟိုချီမင်းမြို့) ရှိ မင်းကွန်းမင်းသားကြီး၏ ပင်ဆောင့်ချက်အရ ဆွမ်းဘုဉ်းပေးပြီး မြန်မာပြည်အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ယင်းနှစ်မှာပင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုကာလ၌ မြန်မာပြည်သူများသည် နယ်ချဲ့ကိုလိုနီအစိုးရကို ခေါင်းမဖော်ရဲအောင် ကြောက်ရ၏။ မြို့ပြတို့၌ပင် အောက်ဆုံးတန်း သာမန်ပုလိပ်သားဆိုသူများကိုပင် ကြောက်ရသည့်အချိန်။ ကျေးလက်တောရွာတို့တွင်လည်း ရာအိမ်မှူး၊ ရွာဆော်ဆယ်အိမ်ခေါင်းမျှကိုပင် တုတ်တုတ်မျှမလှုပ်ဝံ့၊ မဟဝံ့ လောက်အောက် ကြောက်ရွံ့ရိုသေနေကြရသည့် ကာလပေ။ သာမန်မြို့နေ လူတန်းစားများနှင့် တောနေ တောင်သူလယ်သမား ဆင်းရဲသားတို့မဆိုထားနှင့် အားလုံးသိကြသည့် ခေတ်ပညာတတ် လူငယ်များဖြင့် ဖွဲ့စည်းထားသော ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) ကဲ့သို့သောအသင်းကြီးပင်လျှင် အစည်းအဝေး ကျင်းပသည့်အခါတိုင်း “အရှင် အင်္ဂလိပ်အစိုးရ နှင့်တကွ ဂျော့ဘုရင်ဧကရာဇ်မင်းမြတ်နှင့် မေရီမိဖုရားကြီးတို့အား ဘုန်းတော်ကြီး၍ သက်တော်ရာကျော်ရှည်စေကြောင်း” ဆုတောင်းပတ္ထနာ ပြုလျက်နေကြရသေးသည့် ကာလဖြစ်သည်။ ထိုနည်းတူစွာ စာသင်ကျောင်းများ၌လည်း ကလေးသူငယ်များသည် ကျောင်းတက် ကျောင်းဆင်းချိန်တိုင်း ဂျော့ဘုရင်နှင့် မေရီမိဖုရားကြီးအား ရည်စူး၍ “အောင်ဆုဩဘာ မင်္ဂလာဖြင့် ဆယ်ဖြာလက်မြှောက် ဆယ်ခါလျှောက်ပိမ့်” အစချီ သော မေတ္တာပို့ဆုတောင်းရတုကို သံပြိုင် ဟစ်အော် ဆိုစေခဲ့ရသည်။
ထို ၁၉၁၁ ခုနှစ်ဝန်းကျင်တွင် မည်သူ တစ်ဦးတစ်ယောက်၊ မည်သည့်အဖွဲ့အစည်းကမျှ အင်္ဂလိပ်အစိုးရကို မပုန်ကန်ရဲ၊ မပြောဆို ရဲကြပေ။ သို့သော် ဆရာတော်သည် ကမ္ဘာပတ် ပညာလေ့လာဆည်းပူးခဲ့မှုကြောင့် နိုင်ငံရေး အမြင်ရှိကာ မြန်မာ့လွတ်လပ်ရေးရရှိရေးအတွက် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးတရားများကို စတင်ဟောကြားလာလေတော့၏။ ဆရာတော်၏လမ်းညွှန်မှုကြောင့် မြန်မာ ပြည်သူများ အတော်အတန် နိုင်ငံရေးမျက်စိပွင့် လာကြသည်။ လွတ်လပ်ရေးကို လိုလားတောင့်တလာကြသည်။ ထို့ကြောင့် ဆရာတော်သည် ကိုလိုနီခေတ်မြန်မာ့သမိုင်း၌ မြန်မာပြည်လွတ်လပ်ရေးရရှိအောင် နိုင်ငံရေးမျိုးစေ့ကို ပထမဆုံးချပေးခဲ့သော ရဟန်း တစ်ပါးဖြစ်သည်ဟု မှတ်တမ်းတင်ပြောဆို နိုင်ပါသည်။
ဆရာတော်၏ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် ၁၉၂၀ ပြည့်နှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်တွင် ပထမကျောင်းသား သပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်၌ ဆရာတော်သည် အိန္ဒိယပြည်သို့ ရောက်ရှိနေသည်။ တက္ကသိုလ်ကျောင်းသားသပိတ် ဆင်နွှဲနေကြောင်း ကြေးနန်းစာရသည်နှင့် ကျေနပ်ဝမ်းမြောက်ပြီး ရန်ကုန်သို့ ချက်ချင်းလာခဲ့သည်။ ဝိုင်အမ်ဘီအေ ခေါင်းဆောင်များနှင့် တိုင်ပင်၍ တက္ကသိုလ်ကျောင်းသားသပိတ် တိုက်ပွဲကို အားပေးကူညီခဲ့သည်။
ထိုစဉ်က မြန်မာပြည်၏ဘုရင်ခံချုပ်မှာ အင်္ဂလိပ်လူမျိုး ဆာရယ်ဂျီနယ်ကရက်ဒေါက် ဖြစ်သည်။ မျိုးချစ်စိတ်နှိုးဆွရာ လက်နက်ကောင်းတစ်ခုဖြစ်သော သတင်းစာများကို ပိတ်ပစ်ရန် အာမခံကြေးများ တောင်းသည်။ ဂျာနယ်အချို့ကို ပိတ်ပစ်လိုက်သည်။ ဗြိတိသျှ တို့သည် ခေါင်းဆောင်အချို့ကိုဖမ်းပြီး သပိတ် မှောက်လျှင် အပြစ်ပေးနိုင်သော (ဘွိုင်ကောက် ဥပဒေ) ကို ထုတ်ပြန်ခဲ့သည်။ ဘုရင်ခံက တင်းတင်းမာမာ ဆောင်ရွက်လာသောအခါ ဆရာတော်သည် ရဟန်းတစ်ပါးဖြစ်သော်လည်း ငြိမ်သက်မနေနိုင်တော့ဘဲ ဘုရင်ခံထံ စာတစ်စောင် ရေးသားပို့ပေးလိုက်လေသည်။ ထိုစာကား အခြားမဟုတ်။ “ဆာရယ်ဂျီနယ် ကရက်ဒေါက် မင်း မြန်မာပြည်က ထွက်သွား လိုက်” ဟူသောသဘောပါ နှင်စာပင်ဖြစ်သည်။ ထိုနှင်စာကို သူရိယသတင်းစာက ထည့်သွင်း ဖော်ပြခဲ့ရာ တစ်တိုင်းပြည်လုံး မျက်လုံးပြူး အံ့အားသင့်သွားခဲ့ရသည်။ ထိုစာသည် အကြောက်တရားလွန်ကဲနေသော မြန်မာ ပြည်သူပြည်သားတို့၏ အိပ်မောကျနေသော နှလုံးအိမ်ကို နှိုးဆွတိုက်တွန်းလိုက်ခြင်းပင် ဖြစ်သွားလေသည်။
ဆရာတော်ဦးဥတ္တမသည် အင်္ဂလိပ်အစိုးရကို ပုန်ကန်လျှင် အဖမ်းခံရမည်ကိုသိသော်လည်း မိမိအကျိုးမကြည့် အမျိုးအကျိုးကို လိုလားပြီး မြို့ကြီးမြို့ငယ်သာမက ကျေးလက် တောရွာများအထိ နိုင်ငံရေးတရားများ ဟောပြောသည်။ ဆူးကလပ်နှင့်တမာတကော တောရွာများတွင် ဟောပြောမှုကြောင့် ပုဒ်မ ၁၂၄ (က) နှင့် ၁၅၄ (က) ဖြင့် မအူပင်ခရိုင် တရားရုံးက ၁၉၂၁ ခုနှစ် ဇူလိုင် ၄ ရက်တွင် အလုပ်မဲ့ထောင်ဒဏ် တစ်နှစ်နှင့်ရှစ်လ ထောင်ချခဲ့သည်။ ထိုသတင်း သူရိယ သတင်းစာတွင် ဖော်ပြပါလာသောအခါ မြန်မာနိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူ ပြည်သူအားလုံး မခံမရပ်ဖြစ်ကာ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ပေါက်ဖွား ထက်သန်လာကြသည်။ ထို့ကြောင့် ဆရာတော်ဦးဥတ္တမသည် မိမိ တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လုပ်ဆောင်နေသောသူတစ်ဦးအား နိုင်ငံရေးဖြင့် ဗြိတိသျှအစိုးရက ထောင်ဒဏ်အပြစ်ပေးခြင်းခံရသော ပထမ ဦးဆုံးပုဂ္ဂိုလ်ဖြစ်သည်။
ဆရာတော်သည် ထောင်မှလွတ်မြောက်လာသော်လည်း ငြိမ်းချမ်းစွာ သီတင်းမသုံးနိုင်ဘဲ နိုင်ငံနှင့်လူမျိုးအတွက် ရှေ့တန်းမှ တိုက်ပွဲဝင်သည်။ နိုင်ငံရေးတရားများ ဆက်လက်ဟောပြောသည်။ တရားဟောလေ ဖမ်းလေ၊ ဖမ်းလေ ထောင်ကျလေ၊ ထောင်မှထွက်လာလေ ပြန်ဟောလေ။ ဆရာတော်သည် လွတ်လပ်ရေးကို မျှော်လင့်တောင့်တသည်။ “လွတ်လပ်ရေးရလျှင် သေပျော်ပါပြီ” ဟု အမြဲ ပြောလေ့ရှိသည်။ ဪ...တိုင်းပြည်နှင့် လူမျိုးကို မိမိအသက်ထက်တောင် ချစ်သော ပုဂ္ဂိုလ်ပါတကား။
၁၉၃၉ ခုနှစ် နိုဝင်ဘာလတွင် ၉၁ ဌာန အုပ်ချုပ်ရေးလက်ခံရန် ကျင်းပသည့် ရွေးကောက်ပွဲအတွက် ငါးပွင့်ဆိုင်နိုင်ငံရေး သမားတချို့သည် ဆရာတော်အား အိန္ဒိယပြည်မှ လေယာဉ်ဖြင့် လှည့်ပတ်ပင့်ဆောင် လာသည်။ ဆရာတော်အား မိမိအဖွဲ့ အောင်နိုင်ရေးအတွက် တရားဟောပြောပေးရန် အသုံးချခဲ့ကြသည်။ ဆရာတော်၏ဩဇာ အရှိန်အဝါဖြင့် ငါးပွင့်ဆိုင်အဖွဲ့သည် အမတ် ဦးရေ ၄၆ နေရာဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော်လည်း ဘုရားပြီးငြမ်းဖျက်သကဲ့သို့ ဆရာတော်အား စွန့်ပစ်လိုက်ကြသည်။
ဆရာတော်သည် အသက်အရွယ်ကြီး လာသည်နှင့်အမျှ ဆီးချိုရောဂါဝေဒနာကို ခံစားလာရသည်။ ပစ္စည်းလေးပါး အလွန်ချို့တဲ့ဆင်းရဲပြီး ပြုစုသူမဲ့ဖြစ်နေသည်။ ဆရာတော်သည် ဟောင်းနွမ်းစုတ်ပြတ်နေသော သင်္ကန်းကြီးကို ဝတ်ရုံလျက် လွယ်အိတ်ကြီး တစ်လုံးကိုလွယ်ကာ ဖိနပ် ဗလာ၊ ထီးမပါဘဲ သတင်းစာတိုက်များသို့ဝင်ပြီး အင်္ဂလိပ်၊ မြန်မာသတင်းစာများကို တောင်းသည်။ ရရှိလာသော သတင်းစာများကို လမ်းဘေး တိုက်ရိပ်တွင်လည်းကောင်း၊ သစ်ပင်အောက်များတွင်လည်းကောင်း ထိုင်ဖတ်လေ့ရှိသည်။ ဆရာတော်၏ ကျန်းမာရေးမှာ အတော်ဆိုးရွား လာသော်လည်း ဆရာတော်၏ ကျေးဇူး မကင်းသော နိုင်ငံရေးသမား ခေါင်းဆောင် အမည်ခံဝန်ကြီးများ၊ အမတ်များ တချို့သည် ဆရာတော်ကို လုံးဝလျစ်လျူရှုထားကြပုံရသည်။ သို့သော်လည်း ဆရာတော်သည် မည်သူ့မဆို အာဃာတမထားဘဲ ခွင့်လွှတ်လေ့ ရှိသည်။ ဆရာတော်ကား ဘုရားသားတော် ပီသပါပေ၏။
ဤသို့ဖြင့် ဆရာတော်ဦးဥတ္တမသည် ရောဂါဝေဒနာများကို ပြင်းထန်စွာ ခံစားရင်း ၁၉၃၇ ခုနှစ် စက်တင်ဘာ ၉ ရက် စနေနေ့ သက်တော် ၆၀ ကျော်တွင် ပုဇွန်တောင်မြို့နယ် ညောင်ကုန်းကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူရှာသည်။ “လွတ်လပ်ရေးရလျှင် သေပျော်ပါပြီ” ဟု ပြောခဲ့ပြီး မိမိပြုစုပျိုးထောင် ချမှတ်ပေးခဲ့သော လွတ်လပ်ရေးမျိုးစေ့၏ အသီးအပွင့်ကိုကား ဆရာတော်ကိုယ်တိုင် မခံစားရဘဲ ကြွေလွင့်သွားခဲ့ရရှာလေပြီ။ ဆရာတော်ကွယ်လွန်ပြီး နှစ်ရက်အကြာ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၁၁ ရက် တနင်္လာနေ့တွင်ကျင်းပသည့် အောက်လွှတ်တော် အစည်းအဝေး၌ မင်းတိုင်ပင်အမတ်များက ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်အား ငါးမိနစ်ရပ်နားပြီး အရိုအသေပြုပေးကြသည်။ ဆရာတော်၏ ဆွေမျိုးများထံ ဝမ်းနည်းခြင်း သဝဏ်လွှာပို့ပေးခဲ့သည်။ လွှတ်တော် အမတ်များက ဆရာတော်အကြောင်း ချီးကျူး ထောမနာပြုပြီး လွမ်းဆွတ်တမ်းတ နှမြောကြသည်။
မန္တလေးမြို့ အိန္ဒိယအမျိုးသားများ၏ ကိုယ်စားလှယ်အမတ် မစ္စတာဘန်ဂါဆင်က “ဆရာတော်ဦးဥတ္တမသည် နိုင်ငံတွင်အကြီးဆုံး သော နိုင်ငံရေးခေါင်းဆောင်ကြီး ဖြစ်တယ်လို့ ကျွန်ုပ်ပြောခဲ့သော ထိုစကားဟာ အပိုမပါ သော စကားဖြစ်ပါတယ်။ သူဟာ မြန်မာပြည် နိုင်ငံရေးကို အစပြုလာသောပုဂ္ဂိုလ်ဖြစ်ပြီး မြန်မာ့တိုးတက်မှုဟူသမျှဟာလည်း သူ့ကို အကြောင်းပြုပြီးမှ ပေါ်လာတာပဲဟု ကျွန်ုပ်က ထပ်မံပြီး ပြောလိုပါတယ်” ဟုပြောကြားခဲ့သည်။ ဤကဲ့သို့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ မြန်မာ့ လွတ်လပ်ရေးရအောင် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံရေးမျိုးစေ့ကို ချပေးခဲ့ သော ရခိုင့်အာဇာနည် ဆရာတော်ဦးဥတ္တမ၏ စိတ်ဓာတ်ကို မျိုးဆက်သစ်လူငယ်၊ မောင်မယ်များ အတုယူတန်ဖိုးထားတတ်စေရန် ရည်ရွယ် လျက် ရေးသားတင်ပြလိုက်ရပါသည်။
ကိုးကား
၁။ ပြုစုသူသခင်လွင် - ဗမာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ လက်ရွေးစင်
၂။ စီစဉ်သူမောင်ဇေယျာ - လွတ်လပ်ရေး ရှေ့ဆောင်လမ်းပြ ဆရာတော်ဦးဥတ္တမ