ကျွန်းသားငမန်း
ဆားသည် လူတို့၏ မီးဖိုချောင်သုံး ပစ္စည်းများအနက် အခြေခံအကျဆုံးပစ္စည်း ဖြစ်သည်။ မီးဖိုချောင်သုံး ပစ္စည်းများတွင် ဆန်၊ ဆီ၊ ဆား ပစ္စည်းများက မရှိမဖြစ်သော အသုံးအဆောင်ပင်ဖြစ်ရာ ယင်းအထဲတွင် ဆားမှာ တတိယနေရာတွင် ရှိနေသည်။ ဆားသည် လူနှင့်တိရစ္ဆာန်များအတွက် မရှိမဖြစ်လိုအပ်သော အာဟာရပစ္စည်းဖြစ်သည်။ လူနှင့် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်နှင့်ကြွက်သား၊ အကြော၊ နှလုံးတို့၏ လှုပ်ရှားမှုကို အထောက်အကူပြုသော ပစ္စည်းလည်းဖြစ်သည်။ ရှေးယခင်အခါများက ဆားသည် ရှားပါးကုန်ပစ္စည်းတစ်ခု ဖြစ်ခဲ့သည်။ တန်ခိုးအာဏာပါဝါရှိသူများက လက်ဝါးကြီးအုပ် ဖြန့်ဖြူးခဲ့ကြသည်။ ရှေးရောမလူမျိုးများ သည် ဆားကို အမြတ်တနိုး တန်ဖိုးထားခဲ့ကြောင်း သိရသည်။ ထိုစဉ်က ရွှေဈေးနှင့် ဆားဈေးမှာ အတူတူပင်ဖြစ်ကြောင်း ဆိုကြသည်။ ရောမခေတ်တွင် ရောမဘုရင်ဆီဇာသည် ၎င်း၏ စစ်သည်များအား လစာပေးသည့်အခါ လစာ၏ တစ်စိတ်တစ်ဒေသကို ဆားဖြင့်ပေးခဲ့ကြောင်းလည်း မှတ်သားရသည်။ ဤသို့ ဆားအဖြစ်ရရှိသော လစာငွေကို လက်တင်ဘာသာဖြင့် ဆာလာရီယမ် (Salarium) ဟုခေါ်ကြောင်း သိရသည်။ ဆားများ တန်ဖိုးကြီးမြင့်သဖြင့် ဆားကိုတစ်နေရာမှ တစ်နေရာသို့ သယ်သည့်အခါ အစောင့်အကြပ်များဖြင့် သယ်ယူရကြောင်းလည်း ဆိုသည်။ ရောမခေတ်တွင် ဆားကိုသယ်ယူသည့်အခါ အထူးသတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း သယ်ယူကြရသည်။ ရောမနိုင်ငံတွင် အထူးဖောက် လုပ်ခဲ့သော ဗာယာဆာလာရီယာဟုခေါ်သည့် ဆားလမ်းမကြီးမှာ ထင်ရှားစွာရှိနေသေးသည်ကို တွေ့ရသည်။ ဆားသည် ရှေးယခင်ကာလများကပင် တော်ဝင်ပစ္စည်းအဖြစ် အလေးထားခဲ့သော ပစ္စည်းလည်းဖြစ်သည်။
မြန်မာနိုင်ငံနှင့်ဆား
မြန်မာနိုင်ငံ၏ ဆားလုပ်ငန်းကို ကမ်းရိုးတန်းဒေသ ဆားလုပ်ငန်းနှင့် ကုန်းတွင်းပိုင်းဒေသ ဆားလုပ်ငန်းများ ဟူ၍ ပိုင်းခြားတွေ့ရှိ ရသည်။ ကမ်းရိုးတန်းဒေသတွင် ပင်လယ်ရေမှ ဆားထုတ်လုပ်မှုကို တွင်ကျယ်စွာ လုပ်ကိုင်နိုင်သည်။ ကုန်းတွင်းပိုင်း ဒေသများတွင်ကား ဆားငန်စမ်းတွင်းများနှင့် ဆားငန်ရေတွင်းများမှ ရရှိသော ဆားငန်ရေများမှ ဆားကို ထုတ်လုပ်ရယူခြင်း ဖြစ်သည်။ ကုန်းတွင်းပိုင်းဒေသ ဆားထုတ်လုပ်မှုမှာ ရှေးဘုရင်များလက်ထက်က ရွှေဘိုခရိုင်သည် ထင်ရှားသောနေရာဖြစ်ခဲ့ ကြောင်း သိရသည်။ သခွတ္တောဒေသ၊ ဟန်လင်းဒေသ၊ ဆားတောင်ဒေသနှင့် စစ်ကိုင်းမြို့အနီးရှိ ကျောက်တာကျေးရွာများမှာ ဆားထုတ်လုပ်ရာဒေသများ ဖြစ်ကြသည်။ ကချင်ပြည်နယ် ဟူးကောင်းတောင်ကြားရှိ ဆားငန်ရေစမ်းများမှ ရေများကိုယူပြီး ဆားချက်လုပ်ခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် ဆားငန်ရေစမ်းများကို ကာမိုင်းမြို့နယ်တွင်လည်း အများအပြား တွေ့ရကြောင်း ဆိုသည်။ ရှမ်းပြည်နယ်တွင် ထင်ရှားသော ဆားချက်လုပ်သည့် နယ်မြေမှာ သီပေါမြို့နယ်အတွင်းမှ ဘော်ကြို ကျေးရွာတွင်ရှိကြောင်းလည်း သိရသည်။
ကမ်းရိုးတန်းဒေသများတွင်မူ ပင်လယ်ရေကို အသုံးပြု၍ ဆားချက်လုပ်ခြင်းဖြစ်သည်။ ကမ်းရိုးတန်းဒေသ ဆားချက်လုပ်ငန်း လုပ်ကိုင်သည့် နေရာဒေသများမှာ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းဒေသများ ဖြစ်ကြသည်။ ဆားကိုယခင်က ကျိုချက် ထုတ်လုပ်ခဲ့ကြသော်လည်း ၁၉၆၃-၆၄ ခုနှစ်မှစတင်၍ နေလှန်းဆားထုတ်လုပ်မှုလုပ်ငန်းကို ကျိုက္ခမီ၌ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ ၁၉၆၄-၆၅ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံတစ်ဝန်း နေလှန်းဆားထုတ်လုပ်မှု နည်းစနစ်ကို ဖြန့်ဖြူးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ဆားထုတ်လုပ်မှု၊ ရောင်းဝယ်မှုများကိုလည်း နိုင်ငံတော်မှ ချုပ်ကိုင်ထားခဲ့ကာ ၁၉၆၅ ခုနှစ် ရေနှင့်ရေထွက်ပစ္စည်းအမိန့်ဖြင့် ဆားကို အရေးကြီး ကုန်ပစ္စည်းအဖြစ် သတ်မှတ်ခဲ့သည်ကို တွေ့ရသည်။ သို့ရာတွင် ၁၉၇၆ ခုနှစ် ဩဂုတ်လတွင် ဆားရောင်းဝယ်မှုကိုရာ နှုန်းပြည့်ကင်းလွတ်ကုန်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်းလည်း သိရသည်။ ကင်းလွတ်ကုန်အဖြစ် သတ်မှတ်ပေးခဲ့သဖြင့် ဆားထုတ်လုပ်သူ အများအပြားရှိခဲ့ကာ ဆားထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခဲ့သည်။
မြန်မာနိုင်ငံသည် ဗြိတိသျှအစိုးရလက်အောက်သို့ ရောက်ခဲ့ပြီးနောက် အုပ်ချုပ်သူအစိုးရသည် ဆားလုပ်ငန်းကို တိုက်ရိုက် ကိုင်တွယ်ချုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီကာလအထိ ပြည်တွင်းစားသုံးရန်အတွက် လိုအပ်သော ဆားများကို ပြည်ပမှမှာ ယူတင်သွင်းခဲ့ရသည်။ မှတ်တမ်းများအရ တစ်နှစ်လျှင် ဆားပိဿာချိန်သိန်းပေါင်း ၃၆၀ ခန့် တင်သွင်းခဲ့ ရကြောင်း သိရပြီး ၁၉၂၇-၁၉၂၈ ခုနှစ်အတွင်း ဆားများကို ဗြိတိသျှနိုင်ငံ၊ အေဒင်၊ ပုတ်ဆက်၊ စပိန်၊ အီတလီပိုင်အရှေ့အာဖရိက၊ ဂျာမနီနှင့် အိန္ဒိယနိုင်ငံတို့မှ မှာယူတင်သွင်းခဲ့ရကြောင်း သိရသည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခွင့်ပြု ခဲ့သော ဆားလုပ်ငန်းမှာ ၎င်းတို့အတွက် အခွန်အကောက်ရရှိရေး ကုန်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။ ဆားထုတ်လုပ်ရာ နယ်မြေကိုပင် ၎င်းတို့အလိုကျ သတ်မှတ်ပေးခဲ့ကြောင်းလည်း သိရသည်။ ဆားထုတ်လုပ်မှုကို ထိန်းချုပ်ရန် အတွက် ၁၉၀၈ ခုနှစ်တွင်ဆားထုတ်လုပ်ရန် နေရာများကို ခွင့်ပြုလုပ်ကိုင်ခွင့်ပြုခဲ့သော နေရာများမှာ ကျောက်ဖြူခရိုင်၊ ဟံသာဝတီခရိုင်၊ မြောင်းမြခရိုင်၊ ပုသိမ်ခရိုင်၊ ထားဝယ်ခရိုင်၊ ကျိုက္ခမီခရိုင်၊ သထုံခရိုင်၊ မြိတ် ခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်နှင့် ရွှေဘိုခရိုင်တို့ ဖြစ်ကြောင်းလည်း သိရသည်။
ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံမှဆားများကို အခွန်ကောက်ခံရေး အလေးထားဆောင်ရွက်ခဲ့သည်သာမက ဆားများကို ချုပ်ကိုင် ဝယ်ယူခဲ့ပြီး နိုင်ငံခြားသို့ ပြန်လည်တင်ပို့ခဲ့ရာတွင် ဝယ်ဈေးထက် လေးဆကျော်အမြတ်တင်၍ ရောင်းချခဲ့သည်ကို တွေ့ရသည်။ ပုံစံအားဖြင့် ဆား တစ်မောင်း (၂၂-ပိဿာ)လျှင် လေးပဲနှုန်းဖြင့် ဝယ်ယူပြီး တစ်ကျပ်နှစ်ပဲမှ တစ်ကျပ်ခွဲဖြင့် ပြန်လည်ရောင်းချ ခဲ့ကြောင်း သိရသည်။(မှတ်ချက်- ၁၆ ပဲ တစ်ကျပ်)
ရခိုင်ဆားခေတ်ဦး
ဗြိတိသျှအစိုးရလက်ထက် ကိုလိုနီခေတ်အစောပိုင်းတွင် ရခိုင်ပြည်နယ်၏ ဆားလုပ်ငန်းမှာ အဖွံ့ဖြိုးဆုံးသို့ ရောက်ခဲ့ကြောင်း သိရသည်။ ကျောက်ဖြူခရိုင်မှ ထွက်ရှိသည့် ဆားများကို ကျောက်ဖြူဆိပ်ကမ်းမှတစ်ဆင့် ကာလ်ကတ္တားနှင့် စစ်တကောင်း သင်္ဘောဆိပ်သို့ တင်ပို့ခဲ့ရသည့် ဆားစာရင်းများကို ကြည့်ပါက သိသာနိုင်သည်။ ၁၈၃၈- ၁၈၃၉ ခုနှစ်တွင် ဆားတန်ချိန် ၁၀၈၀၂ တန်တင်ပို့ခဲ့ရပြီး ၁၈၄၄- ၁၈၄၅ ခုနှစ်တွင် ဆားတန်ချိန်၁၀၂၀၁ တန် တင်ပို့ခဲ့ရသည်။ ၁၈၄၆- ၁၈၄၇ ခုနှစ်တွင် ဆားတန်ချိန် ၁၃၃၁၀ တန် တင်ပို့ခဲ့ရကြောင်းဖြင့် မှတ်တမ်းများအရ သိရှိရသည်။ ဒုတိယကမ္ဘာစစ် အပြီးတွင် ဆားလုပ်ငန်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ခြင်း လည်းဖြစ်သည်။ မြန်မာနိုင်ငံအဖို့ နိုင်ငံခြားမှဆားများကို တင်သွင်းရန်မလိုဘဲ ပြည်တွင်း စားသုံးမှု ဖူလုံစေရန် ရည်မှန်းချက်ဖြင့် ဆားများ တိုးတက်ထုတ်လုပ်လာ စေခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ရခိုင်ဒေသအတွင်း ဆားလုပ်ငန်းလုပ်ကိုင်သူများ နည်းပါးနေခဲ့သေးသည်။ ချက်ဆား အဖြစ်သာ ထုတ်လုပ်ခဲ့ကြပြီး ပြည်တွင်း ဖူလုံနိုင်ရေး ဦးစားပေးထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းလိုအပ်ချက် ကိုလည်း ၁၉၅၅-၁၉၅၆ ခုနှစ်တွင်မှ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ဒေသတွင် ချက်ဆားထုတ်လုပ်ခြင်းလုပ်ငန်းကို ကျောက်ဖြူခရိုင်နှင့် မောင်တောမြို့နယ်တွင် အများအပြား လုပ်ကိုင်ခဲ့ကြ သည်။ ထိုကြောင့်လည်း ဆား ကြီးကြပ်ရေးရုံးများကို ကျောက်ဖြူနှင့် မောင်တောမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည်။ ရခိုင်ပြည်နယ်၏ ဆားလုပ်ငန်းမှာ ဒေသတွင်း ဖူလုံရုံသာရှိခဲ့သည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ၁၉၆၂ ခုနှစ်နောက်ပိုင်း ဆိုရှယ်လစ်စီးပွားရေး စနစ်အတွင်း ဖွံ့ဖြိုးတိုးတက်နိုင်ခြင်းမရှိခဲ့ဘဲ ဆိုရှယ်လစ် လောင်းရိပ်အောက်တွင် လှုပ်လီလှုပ်လဲ့ဖြင့် အသက်ဆက်ခဲ့ရသည်။ သို့ရာတွင် အဆိုပါကာလအတွင်း ရခိုင်ပြည်နယ်၏ ဆားထုတ်လုပ်မှုကို ချက်ဆားမှ နေလှန်းဆားအဖြစ် ထုတ်လုပ်နိုင်မှု နည်းပညာများ ပြန့်ပွားရရှိလာခြင်းကြောင့် နောက်ပိုင်း ရခိုင်ပြည်နယ်၏ ဆားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုလာနိုင်ခဲ့သည်။
ဆားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်း
ရခိုင်ပြည်နယ်၏ ဆားလုပ်ငန်းမှာ ဆိုရှယ်လစ်ခေတ်အလွန် ၁၉၉၀ ပြည့်နှစ်မှစ၍ ရှင်သန်ခွင့်ရလာခဲ့သည်။ ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ မြေပုံ၊ ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော စသည့် ပင်လယ်ကမ်းခြေ မြို့နယ်များတွင် နေလှန်းဆားကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာခဲ့ကြသည်။ သို့ရာတွင် ရခိုင်ဆားဈေးကွက်မှာ ဒေသတွင်း စားသုံးရန်နှင့် ပလက်ဝ အထက်ပိုင်းဒေသ အိန္ဒိယနယ်စပ်သို့ တင်ပို့ခြင်းများအပြင် ရိုးမ အရှေ့တိုင်းဒေသကြီးများဖြစ်သော မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့သို့ တင်ပို့ရောင်းချခဲ့ရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို ၁၉၉၅ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်နိုင်ခဲ့သည်။ နယ်စပ်ကုန်သွယ်ရေး အဆက်အသွယ်များဖြင့် ရခိုင်ပြည်နယ်မှ နေလှန်းဆားများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ရသည်။ အထူးသဖြင့် ၂၀ဝ၂ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်ခန့်အထိ စစ်တွေနယ်စပ်မှ တင်ပို့ရောင်းချမှု အများဆုံးဖြစ်ခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် တရားဝင်ဖွင့်လှစ်ထားသည် ဆိုသော်လည်း ကုန်သွယ်မှုလုပ်ငန်းအချို့မှာ တရားမဝင်ရောင်းဝယ်မှုဆန်ဆန် ဖြစ်နေခဲ့သေးသည်။ နေလှန်းဆားမှာ မြန်မာနိုင်ငံမှတင်ပို့ရာတွင် တရားဝင် တင်ပို့ခွင့်ရထား သော်လည်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမူ တရားမဝင် သွင်းကုန်အဖြစ် သတ်မှတ်ထားရှိခဲ့သည်။ ထိုကြောင့် ဆားတင်ပို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆားကွင်းများမှရရှိသည့် ဆားများနှင့် အသွင်သဏ္ဌာန်တူအောင် ဖန်တီးတင်ပို့ပေးခဲ့ရသည်။ ရခိုင်ဒေသမှ ဆားများမှာ မူလအရောင်အဆင်း၊ အရည်အသွေးမှာ ညိုညစ်ညစ်အရောင်ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ် ဆားကွင်းများမှဆားနှင့် အသွင်တူညီအောင် ဆားများကို ရွှံ့ရည်များလူး၍ တင်ပို့ခဲ့ရသည်။ လယ်ကွင်းပြင်မှ ကြွက်စာကျစ်၊ မြေခဲများကို အရည်ဖျော်၍ သင်္ဘောတင်ဆားများသို့ လောင်းထည့်ပြီးမှ တင်ပို့ခဲ့ရသည်။ ထိုအချိန်က စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆားသယ်ဆောင်ရန်လာသည့် မော်တော် လေး၊ ငါး၊ ခြောက်စင်းကို အမြဲပင်တွေ့ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆားဝယ်လိုအား များပြားလာသည့်အတွက် ရခိုင်ဒေသထွက် ဆားများနှင့် လုံလောက်ခြင်းမရှိ၍ ဧရာဝတီတိုင်းဒေသကြီး ဆားကွင်းများမှ ဆားများကို မှာယူရောင်းချခဲ့ရသည်။ စစ်တွေ ရွှေမင်းဂံချောင်းကမ်းပါးတွင် ကုမ္ပဏီများ၏ ဆားဂိုဒေါင်များ အစီအရီဖြင့်ထိုအချိန်က စည်ကားနေခဲ့သည်။
၂၀ဝ၉ ခုနှစ်ခန့်တွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆားတင်ပို့ခြင်းကို ရပ်ဆိုင်းလိုက်ပြီးနောက် ရခိုင်ဆားလုပ်ငန်းမှာ ကျဆင်းသွားခဲ့သည်။ ရခိုင်ဆား ဈေးကွက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသာ မှီခိုနေခဲ့ရခြင်း ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆားတင်ပို့ခွင့် မရတော့သည်နှင့် ဆားကုန်သည်များမှာ ဈေးကွက်ပျောက်ကုန်တော့သည်။ ရခိုင်ဆားထုတ်လုပ်မှုမှာ ရခိုင်ပြည်နယ်အတွင်း စားသုံးရန်လိုအပ်မှုထက် ပိုလျှံနေသဖြင့် အပိုဆားများကို ရိုးမအရှေ့ဈေးကွက်သို့ ထိုးဖောက်ရန် ကြိုးပမ်းသော်လည်း တနင်္သာရီ၊ မွန်၊ ဧရာဝတီဆားများကို ယှဉ်ပြိုင်နိုင်ခြင်းမရှိဟု ဆားကုန်သည်များက ဆိုကြသည်။ ထို့ထက် ၂၀၁၀ ပြည့်လွန်နောက်ပိုင်း ထိုင်းနိုင်ငံမှ ဆားချောများ ဈေးသက်သက်သာသာဖြင့် ဝင်ရောက်လာသဖြင့် ရခိုင်ဆားလုပ်ငန်းမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ဆားလုပ်ကိုင်သူဦးရေမှာလည်း နည်းပါးခဲ့ကြောင်း သိရသည်။ ရခိုင်ဒေသတွင်း ဆားများ ထုတ်လုပ်နိုင်မှု ကျဆင်းခဲ့ရသဖြင့် ပြည်တွင်းစားသုံးရန်အတွက် ပြည်ပမှဆားတန်ချိန် ၄၀ဝ ခန့် တင်သွင်းရဖွယ်ရှိကြောင်း ဖြင့်လည်း သိရသည်။
အဆင့်မြင့်ဆားများထုတ်လုပ်ရေး
၂၀ဝ၈-၂၀ဝ၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆား တင်ပို့မှုရပ်ဆိုင်းခဲ့ပြီးနောက် ၂၀၁၀ ပြည့်အလွန် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆက်သွယ်မှုကြောင့် ရခိုင်ဆားများကို ဘင်္ဂလားဒေ့ရှ်သို့ ဆက်လက်တင်ပို့နိုင်ခွင့် ရလာခဲ့သော်လည်း ရခိုင်ဆားများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လိုအပ်သော ဆားအရည်အသွေးကို မမီတော့သဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဝယ်လက်များက လက်ရှောင်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေလှန်းဆားများကို ခေတ်မီနည်းစနစ်များသုံး၍ ထုတ်လုပ်နေကြပြီဖြစ်ရာ ရခိုင်ဒေသထွက် သဲမြေလူးဆားများမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆားရေများ တင်သွင်းရာ ဆားကန်များတွင် ပလတ်စတစ် အခင်းများခင်း၍ ထုတ်ယူနေခြင်းကြောင့် သန့်ရှင်းပြီး အရည်အသွေး ကောင်းသောဆားများကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ်မှ ဆားလုပ်ငန်းရှင်များ အနေဖြင့်လည်း အရည်အသွေးပြည့်ဝသော ဆားများကိုထုတ်ယူနိုင်အောင် ကြိုးစားသွားကြရန် လိုသည်။ ဤသို့ ထုတ်လုပ်နိုင်မှသာ ရခိုင်ဆားဈေးကွက်မှာ ပုံမှန်သို့ရောက်ရှိလာနိုင်မည် ဖြစ်သည်။ ထို့အတူ ဤဆောင်းပါး တစ်နေရာတွင် ဖော်ပြထားသည့် အပိုဆားများထုတ်လုပ်နိုင်သည့် အဆင့်မြင့် ဆားကျတ်တက်ရေများကိုလည်း ရရှိနိုင်မည်ဖြစ်ကာ တန်ဖိုးမြင့် ဆားအပိုပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိလာနိုင်မည် ဖြစ်သည်။
စက်မှုသုံး ကုန်ကြမ်းများ
ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသည့် ပြည်နယ်တစ်ခုဖြစ်ရာ ပင်လယ်ကမ်းခြေရှိ မြို့နယ် ၁၁ မြို့နယ်တွင် နေလှန်းဆားလုပ်ငန်းကို အောင်မြင်စွာ လုပ်ကိုင်နိုင်ကြသည်။ ဆားမှာ အိမ်သုံးဆားအဖြစ် အသုံးပြုရုံသာမက စက်မှုကုန်ကြမ်းသုံးပစ္စည်းလည်း ဖြစ်သည်။ ဆားကြမ်းများကို ရေခဲထုတ်လုပ်ရာတွင်လည်းကောင်း၊ စက္ကူစက်များတွင် လည်းကောင်း အမြောက်အမြား အသုံးပြုကြရသည်။ နေလှန်းဆား ထုတ်လုပ်ရာမှရရှိသော ဆားကျတ်တက်ရေမှလည်း အပိုဓာတ်ဆားများကို ထုတ်လုပ်နိုင်ပြီး ဈေးကွက်ဝင်ပစ္စည်းများလည်း ဖြစ်သည်။
ဆားကျတ်တက်ရေမှ ဆားခါး၊ ဆားစူး (Calcium Sulphate) နှင့် မဂ္ဂနီဆီယမ် ဟိုက်ဒရောဆိုက် အပါအဝင် အခြားပစ္စည်းများကို ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ဆားခါးသည် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပြီး ကယ်လ်စီယမ်ဆာလဖိတ် (ဆားစူး)များကို ဘိလပ်မြေစက်ရုံနှင့် ြွေကပန်းကန်စက်များတွင် အသုံးပြုရကြောင်းဖြင့်လည်း သိရသည်။ ဆားကျတ်တက်ရေမှ ထုတ်ယူနိုင်သည့် မဂ္ဂနီဆီယမ်ကလိုရိုက်မှာ ဆန်စက်များတွင် အသုံးပြုနိုင်သည့်အပြင် ဓာတ်မြေဩဇာထုတ်လုပ်ရာ တွင်လည်း အများအပြားလိုအပ်ကြောင်းဖြင့် သိရသည်။ ထို့ကြောင့် နေလှန်းဆား ထုတ်လုပ်ခြင်းနှင့်အတူ ဆားကျတ်တက်ရေကို အသုံးပြု၍ အပိုပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် နေလှန်းဆားဈေးကွက် ပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
စီးပွားရေးရေခံမြေခံရှိသော ပြည်နယ်
ရခိုင်ပြည်နယ်သည် ရှည်လျားလှပသည့် ပင်လယ်ကမ်းရိုးတန်းဒေသနှင့် မြေဆီဩဇာကောင်းမွန်ပြီး ကျယ်ပြောလှသည့် လယ်ယာမြေများ ပိုင်ဆိုင်ထားပြီး ရေခံမြေခံကောင်းမွန်သည့် သဘာဝပထဝီအနေအထားကြောင့် ဆန်၊ ရေ၊ စပါး၊ သား၊ ငါးနှင့် သဘာဝသယံဇာတ ပေါကြွယ်ဝသည့်အပြင် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ပေါများလှသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ရခိုင်ပြည်သူများသည် မိမိတို့ပိုင်ဆိုင်ထားသော သဘာဝအမွေအနှစ်များကို ထိန်းသိမ်းပြီး စီးပွားရေးအရ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒေသတစ်ခုဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မှန်သည်။ ရခိုင်ပြည်နယ်သည် ရေ၊ မြေပထဝီအနေအထား၊ သဘာဝ သယံဇာတတို့ ပြည့်စုံပြီး အမှန်တကယ်ပင် တိုးတက်အောင် လုပ်နိုင်သည့် အခြေခံကောင်းများရှိသည့်နေရာ ဖြစ်သည်။ ထို့အတူပင် ရခိုင်ပြည်နယ် ကမ်းရိုးတန်းတည်ရှိရာ ဘင်္ဂလား ပင်လယ်အော် အနေအထားမှာလည်း မဟာဗျူဟာကျတဲ့ ဒေသတစ်ခုလည်း ဖြစ်သည်။ ဤသည်မှာလည်း ရခိုင်ပြည်သူများ အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်။ ပထဝီအနေအထားအားဖြင့်လည်း မြစ်၊ ချောင်းနှင့် မြေပြန့်ပေါများခြင်း၊ တော၊ တောင်၊ ရေ၊ မြေများ ပေါများခြင်းတို့ကြောင့် ဤအခြေခံကောင်းများကို အမှီပြုကာ ရင်းနှီး မြှုပ်နှံမှု များများလုပ်ကိုင်တတ်ရန် လိုအပ်ပေသည်။ ရာသီဥတုဆိုလျှင်လည်း အင်မတန်ကောင်းမွန်သည့် အနေအထား၊ သယံဇာတဆိုလျှင်လည်း ကုန်းပေါ်မှာရော ရေထဲမှာအပြင် အခြားဆက်စပ်နေတဲ့ ကဏ္ဍတွေလုပ်ကိုင်ရနိုင်သည့်ဒေသ၊ အလွန်အခွင့်အလမ်းကောင်းသည့် ဒေသတစ်ခုပင် ဖြစ်သည်။
ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်အော်၏ မဟာဗျူဟာမြောက် အချက်အချာကျသည့် နေရာတွင်တည်ရှိနေသောကြောင့် တရုတ်၊ အိန္ဒိယနိုင်ငံတို့အပြင် အာဆီယံနိုင်ငံများ၏ ကုန်သွယ်စီးဆင်းရေး တံခါးပေါက်ကို ဖွင့်လှစ်ပေးနိုင်မည့် နေရာလည်းဖြစ်သည်။
အထောက်အကူလိုအပ်
ရည်အသွေးပြည့်မီသောဆားများ ထုတ်လုပ်နိုင်ရန် ခေတ်မီနည်းပညာများအသုံးပြုရန် လိုအပ်သည် အရည်အသွေးမြင့် ဆားထုတ်လုပ်နိုင်ရန်အတွက် တစ်ဧက သိန်း ၉၀ ခန့် လိုအပ်မည်ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောကြသည်။ ထို့အတွက် ငွေကြေးအရင်းအနှီးများ လိုအပ်လျက်ရှိသည်။ တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် အသေးစား၊ အလတ်စား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရမှ ကူညီဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်သည်။ ထို့အတူ ဆားမှ အပိုပစ္စည်း ထုတ်လုပ်ရောင်းချနိုင်ရေးကိုပါ အာရုံစိုက်သင့်သည်။
လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မှ ဆားလုပ်ငန်းရှင်များမှာ ကယ်သူမဲ့နေသလို ဖြစ်နေကြောင်းလည်း လေ့လာ သိရှိနေရသည်။ ရခိုင်ဆားဈေးကွက် ဦးမော့လာရေးအတွက် အရည်အသွေးမြင့်ဆားများ ထုတ်လုပ်နိုင်ရေး၊ ဈေးကွက် ထိုးဖောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်နေသည်တော့ အမှန်ပင်ဖြစ်သည်။ ။
ကိုးကား။ (၁)ဆားလုပ်ငန်းကော်ပိုရေးရှင်း ဆယ်နှစ်မှတ်တမ်း(၁၉၈၂)၊ (၂)စာရေးသူရေးသားခဲ့သည့် မြန်မာ့ဓနစီးပွားရေးမဂ္ဂဇင်း (သတင်းများနှင့် ခရီးသွားခြင်း ဆောင်းပါးများ)နှင့် ဈေးကွက်ဂျာနယ်ပါ ဆောင်းပါးများ။