မောင်မေယု (ဘူးသီးတောင်)
ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ လူငယ်အများစုသည် ဂါရဝတရား နည်းပါးလာကြ၏။ လူကြီးမိဘ ဆရာသမားတို့၏ ရှေ့မှ ဖြတ်လျှောက်လျှင် ကိုယ်ကိုညွတ်ကိုင်း၍ သွားရမည်ကိုပင် လူငယ်အများစု မသိရှိကြတော့ပေ။ ထိုအပြု အမူမျိုးကို ယနေ့ခေတ်တွင် မြင်ခဲသည်။ လူငယ်များ ထိုသို့ ဂါရဝတရားများ နည်းပါးလာခြင်းသည် စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာခြင်းကြောင့်ဟုဆိုရမည်။ လူငယ်တို့၏ စာရိတ္တမဏ္ဍိုင်ကို အဓိကပြုပြင် ပေးနိုင်သည်မှာ စာအုပ်စာပေများ ပင်ဖြစ်သည်။
သို့သော် ကျွန်ုပ်တို့ရခိုင်ပြည်ရှိ မြို့နယ်အသီးသီး ၌ စာအုပ်စာပေရောင်းသောဆိုင်နှင့် စာကြည့်တိုက်များ မှာ အရှားဆုံးပင် ဖြစ်သည်။ ထို့ကြောင့် ဤမျိုးဆက်သစ် လူငယ်တို့ ယဉ်ကျေးလိမ္မာရန်အတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံးနည်းမှာ ပုံပြင်ဝတ္ထုပြောပြခြင်းနည်းပင် ဖြစ်သည်။ ထိုနည်းသည် လူတိုင်းလုပ်ပေးနိုင်သော အလွယ်ကူဆုံး နည်းလည်းဖြစ်၏။ ရခိုင်လူမျိုးတို့၏ ရိုးရာဓလေ့ လည်း ဖြစ်ပေသည်။
ဒဏ္ဍာရီပုံပြင်များဟု ခေါ်တွင်လာ
ပုံပြင်ဝတ္ထုများအား ဒဏ္ဍာရီဟုလည်း ခေါ်ကြသည်။ ဒဏ္ဍာရီသည် ရခိုင်လူမျိုးတို့ဆီမှ ဆင်းသက်လာခြင်းလည်း ဖြစ်သည်။ ရခိုင်ဝေသာလီပြည်ကြီးသည် အလွန်တရာ အေးချမ်းသာယာလေသည်။ ထိုအချိန်တွင် တိုင်းပြည်၌ အမှုအခင်းဟူ၍လည်း မရှိပေ။ အမှုအခင်းများလည်း မရှိသောအခါ နန်းတွင်းထဲ၌လည်း တိတ်ဆိတ်ငြိမ် သက်နေ၏။ ထိုကာလ၌ ဘုရင်၏ မိဖုရား ဒဏ္ဍာဒေဝီသည် ဖော်ရံတော် အပေါင်းတို့အား ဝတ္ထုပုံပြင် များပြောပြခဲ့သည်။ ဒဏ္ဍာ ဒေဝီမိဖုရားပြောပြသည်ကို အစွဲပြု၍ နောင်တွင် ဝတ္ထု ပုံပြင်များကို ဒဏ္ဍာရီပုံပြင်များဟု ခေါ်တွင်လာခြင်းဖြစ်သည်။
ထို့ကြောင့် ဤဝတ္ထုပြောခြင်းဓလေ့သည် ရခိုင်ပြည်ကြီး၌ ရှေးနှစ်ပေါင်းများစွာကပင် ထွန်းကားခဲ့ခြင်းဖြစ် သည်။ ရုပ်မြင်သံကြား၊ ရေဒီယို၊ ဗီဒီယိုများ မပေါ်သေးမီ ကာလအထိ ရခိုင်ပြည်၌ ဝတ္ထုပုံပြင် ပြောခြင်းဓလေ့ ထွန်းကားခဲ့သေးသည်။ သက်ကြီးရွယ်အို ဘိုးဘွားမိဘများ မှ ညအိပ်ရာဝင်ချိန်တွင် လည်းကောင်း၊ လသာသော ညများတွင် ဝိုင်းဖွဲ့၍လည်းကောင်း၊ အရိပ်ကောင်းသော အပင်အိုကြီးများအောက်တွင် ရေနွေးကြမ်းသောက်၍ လည်းကောင်း ကလေးသူငယ်များကို ပြောပြခဲ့ကြသည်။
ယနေ့ခေတ် ကမ္ဘာကြီးသည် တစ်နေ့ထက်တစ်နေ့ မြန်ဆန်တိုးတက် ထွန်းကားလာ၏။ ထိုတိုးတက် ထွန်းကားမှုနှင့်အတူ ရုပ်ဝတ္ထုပစ္စည်းများလည်း တစ်နေ့ တစ်မျိုးမရိုးရအောင် ပေါ်ထွက်လာခဲ့သည်။ ထိုဆန်းသစ် သော ရုပ်ဝတ္ထုပစ္စည်းများကြားတွင် လူငယ်တို့ နစ်မြုပ်ကာ ဓလေ့ရိုးရာယဉ်ကျေးမှုတို့နှင့် တဖြည်းဖြည်း ဝေးကွာလာ၏။ အိပ်ရာဝင်ပုံပြင်များအစား ဗီဒီယိုဂိမ်းများ အစားထိုး ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် ရခိုင်လူမျိုးတို့၏ ဝတ္ထုပြောခြင်းဓလေ့များလည်း ပျောက်ကွယ်လာခဲ့ရသည်။
ထိုသို့ပျောက်လာခြင်းကြောင့် ရခိုင်လူမျိုးတို့၏ ရိုးရာဝတ္ထုများဖြစ်သော ကျားချေနှင့် နွားချေ၊ မေထွီးမေ နှင့် ကြက်ချီးမေ ငပျင်းယေ စသည့်ဝတ္ထုများကို မျိုးဆက် သစ်လူငယ်တို့ မကြားဖူးကြတော့ပေ။ ထိုဝတ္ထုပုံပြင်များ ၌ မှတ်သားစရာများ၊ အတုယူစရာများ ရှောင်ရှားစရာများ၊ ရယ်စရာဟာသများ စသည်တို့ပါဝင်သောကြောင့် ကလေး များကလည်း ဝတ္ထုနားထောင်ရခြင်းကို နှစ်သက်ကြသည်။ ရသစာပေသည် နှလုံးသားကို အားကောင်းစေပြီး သုတ စာပေသည် ဦးနှောက်ကိုအားကောင်းစေသည်ဆို၏။ ဝတ္ထုပုံပြင်များ၌ သုတနှင့် ရသနှစ်မျိုးစလုံး ပါဝင်သော ကြောင့် ဝတ္ထုနားထောင်ခြင်းသည် ကလေးတို့၏ ဦးနှောက် ကို ဖွံ့ဖြိုးစေရုံသာမက နှလုံးသားကိုပါ ဖွံ့ဖြိုးစေပါသည်။ ထိုနှစ်ခုလုံးအားကောင်းသော လူငယ်တစ်ဦးသည် စာရိတ္တ မဏ္ဍိုင်မယိမ်းယိုင်ဘဲ လိမ္မာသော လူတော် လူကောင်း ဖြစ်လာပေမည်။ အနာဂတ်လူငယ်များအား ဝတ္ထုပုံပြင် ပြောပြခြင်းကြောင့် သူတို့၏နှလုံးသားထဲ၌ အနာဂတ် လှူဘောင်အတွက် အကျိုးရှိမည့် လောကပါလတရားများ လည်း ကိန်းဝပ်လာနိုင်သည်။
ဗဟုသုတများ တိုးပွားလာပေမည်
ဤဝတ္ထုပုံပြင် ပြောပြခြင်းနည်းဖြင့် မြန်မာ့ပညာရေး သင်ရိုးများတွင်မပါရှိသော မိမိတို့လူမျိုးတို့၏ ရာဇဝင် သမိုင်းကိုလည်း မိတ်ဆက်နိုင်ပေသည်။ မာရယုဘုရင်ကြီးသည် ရခိုင်လူမျိုးတို့၏ ဓညဝတီပြည်ကြီးကို တည််ထောင်သည့်အကြောင်း၊ တတိယဓညဝတီခေတ်တွင် စန္ဒာသူရိယမင်းကြီး ဘုရားရှင်အား ပင့်ဖိတ်သည့် အကြောင်း၊ အာကာပျံဝဲမြို့သံတွဲအကြောင်း စသည့် အကြောင်းအရာများကို ပြောပြခြင်းဖြင့် မျိုးဆက်သစ်များ၏ ရင်ထဲ၌ မိမိတို့၏ လူမျိုးနှင့်ပတ်သက်သော ဗဟုသုတ များလည်း တိုးပွားလာပေမည်။
သို့သော် ဝတ္ထုပြောသူ၏ သတိထားစရာ တစ်ခုမှာ ဝတ္ထုပြောပြရာတွင် ကြားနာသူကို ဆွဲဆောင်နိုင်အောင် ပြောတတ်ရန်လိုအပ်ပါသည်။ အသံအတိုးအကျယ်နှင့် ကလေးများ စိတ်ဝင်စားပြီး မှတ်သားနိုင်အောင် ဟန်ပါပါ မာန်ပါပါ ပြောတတ်ရပေမည်။ သို့မှသာ ကလေးတို့၏ မှတ်ဉာဏ်၌ ကြာရှည်စွာ သိမ်းထားနိုင်မည်။ သို့မှသာ ရင်ထဲ၌ လောကပါလတရားများသာမက မျိုးချစ်တရား များလည်း ရှင်သန်ကြီးထွားလာပေမည်။
အလေ့အကျင့်ကောင်းများရရှိလာမည်
ဝတ္ထုပုံပြင်များ နားထောင်ဖန်များလာလျှင် ထိုကလေးငယ်များသည် အနာအကြား စွမ်းရည်လည်း တိုးတက်လာပေမည်။ အနာအကြား စွမ်းရည်သည် အပြောအဆို စွမ်းရည်နှင့် ဆက်စပ်လျက်ရှိသည်ဖြစ်၍ ပုံပြင်ကို စိတ်ဝင်စားစွာ နားထောင်တတ်သော အကျင့်မှ သူကတစ်ဖန် ပြန်လည်ပြောပြနိုင်သော အရည်အချင်း ရှိလာမည်။ ထိုအရည်အချင်းရှိလာသောအခါ လူထု ပရိသတ်အလယ်တွင် မကြောက်မရွံ့ပြောရဲဆိုရဲ ရှိသော အလေ့အကျင့်ကောင်းများကိုပါ ရရှိလာပေမည်။ ထိုအလေ့ အကျင့်များသည် က္ဘာကျော် ဟောပြောဆရာများ ဖြစ်ကြသော အော်ပရာဝင်းဖရီး၊ နစ်ဘွိုင်းယစ်ချစ် စသည့် ပုဂ္ဂိုလ်များကဲ့သို့ ဖြစ်လာနိုင်အောင်လည်း စွမ်းဆောင် နိုင်ပေမည်။
ထို့ကြောင့် အနာဂတ်မျိုးဆက်သစ်များအား စာရိတ္တမဏ္ဍိုင်ကို ထိန်းသိမ်းရန် ယဉ်ကျေးလိမ္မာပြီး ဗဟုသုတတိုးပွားရန် ရင်ထဲ၌မျိုးချစ်တရားတို့ ကိန်းအောင်း လာရန်နှင့် ကမ္ဘာကျော်ဟောပြောဆရာများဖြစ်ရန် ဝတ္ထုပုံပြင်များ ပြောပြကြပါဟု တိုက်တွန်းချင်ပါသည်။ ရခိုင်လူမျိုးတို့အနေဖြင့် ဤသို့ ဝတ္ထုပြောပြခြင်းသည် ပျောက်ကွယ်လာသော ရခိုင်ရိုးရာဝတ္ထုပြော ဓလေ့ကို ပြန်လည်ဖော်ထုတ်ရာလည်း ရောက်ပေသည်။ ။