ရခိုင်မြေမှသွေးရင်းများ(၅)

မြတ်ဝေ

 

မရမာကြီးမျိုးနွယ်စု

 

တိုင်းရင်းသား မျိုးနွယ်စု (၁၃၅) မျိုးထဲတွင် ပါဝင်ပြီး ဟိန္ဒူလူမျိုးများနှင့် ပုံပန်းသဏ္ဍာန် ဆင်တူသည့် ရခိုင်ပြည်နယ်၌ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်များတွင် နေထိုင်လျက် ရှိကြသည်။

 

ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ ဖြစ်ကြပြီး အိန္ဒိယနိုင်ငံ ဟိမဝန္တာ တောင်ခြေအနီး မဏ္ဍိုမဒေသ၊ ဂင်္ဂါမြစ်ဝှန်း မြောက်ပိုင်း၊ အရှေ့ပိုင်းဒေသ၊ ကောလိယ၊ ကပ္ပိလဝတ်၊ ဝိဒေဒဟ စသော မဂစဒေသဖွား၊ သက္က-သာကီယ-ခတ္တိယ လူမျိုးများနှင့် ဆက်နွယ်ပေါက်ဖွားလာသော ဗုဒ္ဓဘာသာ ကိုးကွယ်သည့် လူမျိုးစုများဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။

 

အေဒီ ၁၂ ရာစုတွင် အိန္ဒိယနိုင်ငံအား မဂိုမင်းများ တိုက်ခိုက်မှုကြောင့် အနယ်နယ် အရပ်ရပ်သို့ ထွက်ပြေး တိမ်းရှောင်ရင်း ဘင်္ဂလာနယ်နှင့် ရခိုင်ပြည်နယ် အတွင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

 

 

ယင်းတို့၏ မူလနာမည်မှာ ခတ္တိယမျိုးနွယ်စု ဖြစ်သည်ဟု လက်ခံကြပြီး ရခိုင်ပြည်နယ် အတွင်းသို့ ဝင်ရောက်ချိန်တွင် ရခိုင်ဘုရင်များ ပြည်ရွာ တည်ထောင်သည့် အချိန်၌ မရမာအရပ်တွင် နေရာချထား ပေးမှုကြောင့် အရပ်နေရာကို အစွဲပြုကာ “မရမာ” လူမျိုးဟု ရခိုင်တိုင်းရင်းသားများက ခေါ်ဆိုကြကြောင်း၊ မိမိကိုမိမိ ဘရူဂါလူမျိုးဟု သုံးစွဲကြပြီး စာပေ အရေးအသားအချို့တွင် မြမ္မာကြီးဟု သုံးနှုန်းထား သည်များလည်း တွေ့ရှိရသည်။ ဘင်္ဂလားဒေ့ရှ် ဒေသတွင်မူ ဘောင်ရှိုးလူမျိုးဟု သုံးနှုန်းထားသည်များလည်း တွေ့ရှိရသည်။

 

“မရမာ”ဆိုသည်မှာ မသေမပျောက်နိုင်သော အမတေဟူသော အဓိပ္ပါယ်ကို ဖော်ဆောင်သည်ဟု မရမာမျိုးနွယ်စု လူကြီးသူမများ၏ ပြောစကားအရ သိရသည်။

 

“ဗဂှုဝါ” ဟူသည် ဗရအဂုဘမှ ပြောင်းရွှေ့လာသော စကားဖြစ်ပြီး ကြီးမြတ်သော ထွက်ပေါ်လာသူများဟု အဓိပ္ပာယ်ရသည်ဟု ဆိုသည်။

 

အိန္ဒိယ နိုင်ငံအား မဂိုများ သိမ်းပိုက်ပြီးနောက် (အေဒီ ၁၂) ရာစုတွင် မရမာကြီး လူမျိုးတို့သည် မိမိတို့နှင့် မျိုးနွယ်၊ ဘာသာတူသည့် ရခိုင်ပိုင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အလုံးအရင်းဖြင့် ဝင်ရောက် ခိုလှုံခဲ့ကြသည်။ (အေဒီ ၁၇ ရာစုအထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ရခိုင်လက်အောက်တွင် ရှိခဲ့သည်)

 

အထူးသဖြင့် မောင်တောမြို့နယ် တစ်ဝိုက်တွင် နေထိုင်ခဲ့ကြပြီး ၁၉၄၂ အဓိကရုဏ်းတွင် ယင်းတို့ ပိုင်နယ်များ အားလုံးနီးပါး ဖျက်ဆီးခံခဲ့ကြရပြီး အခြားမြို့နယ်များသို့ တစ်ကွဲတစ်ပြားစီ ပျံ့နှံ့သွားသည်ဟု သိရသည်။

 

မရမာကြီး လူမျိုးများသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်နှင့်အညီ ဗုဒ္ဓကျမ်းဂန်ပါ အယူအဆများကို လိုက်နာကြသည်။ စုန်း၊ နတ်၊ ကဝေများရှိသည်ဟု လက်ခံကြပြီး အင်း၊ အိုင်၊ ဂါထာ၊ မန္တရားများကိုလည်း ယုံကြည်ကြသည်။ ကျွဲသား၊ နွားသားစားသုံးခြင်းမှ ရှောင်ကြဉ်ကြသည်။

 

ဗုဒ္ဓဘာသာဝင်တို့၏ ထုံးစံအတိုင်း သစ္စာဆိုခြင်း၊ အဓိဋ္ဌာန်ပြုလုပ်ခြင်း၊ ကျိမ်ဆိုခြင်း ဓလေ့များ ရှိသည့်အပြင် ဘင်္ဂါလီများနှင့် နီးစပ်စွာ နေလာခဲ့ကြသူများ ဖြစ်သဖြင့် ဘင်္ဂါလီ လူမျိုးများ၏ သစ္စာ အဓိဋ္ဌာန်ကို ပြုလုပ်သူ တစ်ချို့လည်း ရှိကြောင်း သိရသည်။

 

ဗေဒင်ကို ယုံကြည်ကြပြီး ကောင်းမှုမင်္ဂလာ ပြုမည့်အခါတွင် ရက်ကောင်း ရက်မြတ်၊ ရှောင်ရန် ဆောင်ရန်များကို စီမံကြပြီး အတိတ်နိမိတ်များကို ရခိုင်တိုင်းရင်းသားများနည်းတူ ကောက်ယူလေ့ ရှိသည်။ မွေးဖွားသည့်အခါ ရခိုင်တို့၏ ဓလေ့ထုံးစံအတိုင်း မွေးဖွားခွင့်ပြုကြသော်လည်း မီးနေသည်သည် သတ်မှတ် ရက်အတွင်း အပြင်ထွက်မွေးပါက ရောက်ရှိခဲ့သောနေရာတွင် ပရိတ်နာခြင်း အမှုကိုပြုလုပ်ကြသည်။ ကင်ပွန်းတပ် မင်္ဂလာကို မွေးဖွားသော အိမ်၌ ရဟန်းသံဃာများ ပင့်ဖိတ်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီး ပုဏ္ဏားနှင့် အမည် နာမပေးစေသည်။

 

သားဦး သမီးဦးတွင် “ဦးတပ်လေ့ရှိပြီး အမည်နာမနောက်တွင် (ဘရူဝါ)ဟု အသုံးပြုလေ့ ရှိသည်။ ဥပမာ- မောင်စံဘရူဝါ၊ လှနုအေးဘရူဝါ စသည်ဖြင့် တပ်လေ့ရှိသည်။ ယခု နောက်ပိုင်းတွင် ရခိုင်တိုင်းရင်းသားများ နာမည်များကဲ့သို့ အသုံးပြုလာကြပြီ ဖြစ်သည်။

 

ပုခက်တင် မင်္ဂလာကို ကျင်းပလေ့ရှိပြီး ပြုလုပ်ပုံမှာ မိခင် မီးထွက်သောနေ့တွင် ရေအိုးခက်သစ် တစ်လုံး ရေအပြည့်ထည့်ပြီး သရက်ရွက်တို့ကို ထည့်လျက် မင်္ဂလာရှိသော မိန်းမ ၅ ဦးကိုခေါ်၍ ယင်းမိန်းမတို့က ဆန်ကော၊ ရေအိုးတင်ပြီး မုံညင်းဆီဖြင့် ထွန်းသော မီးခွက်ကို ဆန်ကောအနီးတွင် တင်ကာ မီးထွန်းထားရသည်။ ပုခက်တွင် ထမင်းတစ်ထုပ်၊ ရေတစ်ခွက်၊ ကျောက်သီးတစ်လုံး၊ ကျောက်ခဲငယ် ခွဲစိတ်ခြင်း မပြုသော ကျောက်ခဲငယ် တစ်လုံးကိုပါထည့်၍ ယင်းကလေး စာရေး၊ စာဖတ်တတ်ရန်ဟု နိမိတ်ပြုကာ စာအုပ်၊ ခဲတံတို့ကို ထည့်ရသည်။ သူဝတ်ဆင်ရန် အဝတ်အစားတို့ကိုလည်း ထည့်သည်။ ယင်းသို့ ထည့်ပြီးသော ပုခက်ကို စီကာပတ်ကုံးဆိုကာ လွှဲရသည်။

 

ရှင်ပြုမင်္ဂလာ ပြုလုပ်ပုံမှာ ရခိုင် တိုင်းရင်းသားတို့နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ လက်ထပ်မင်္ဂလာ ကိစ္စတွင် ပုဏ္ဏား၊ ဗေဒင်၊ ပညာရှင်များ၏ အဆုံးအဖြတ်အရသာ လက်ထပ်လေ့ရှိကြပြီး မင်္ဂလာမဆောင်မီ တစ်ရက် အလိုတွင် သတို့သမီးအိမ်၌ ဒုံးကုလားဟုခေါ်သည့် အတီးအမှုတ် ကျွမ်းကျင်သူ လူတန်းစားကို ခေါ်၍ တီးမှုတ်ကခုန်ခြင်းများ ပြုလုပ်ကြသည်။ သတို့သား အိမ်တွင်လည်း ထိုနည်းလည်းကောင်း ပြုလုပ်သည်။

 

သတို့သမီး အိမ်၌ အကျွေးအမွေး ပြုလုပ်ရာတွင် ကြီးမားသော လောင်ပွန်းချပ်၌ ထမင်းငါးဟင်းအစုံ ထည့်ကာ ဝိုင်းဝန်းစားသောက်ကြသည့် ဓလေ့တစ်ခုမှာ ထူးခြားချက်ဖြစ်သည်။ မင်္ဂလာဆောင် အခမ်းအနားကို ညနေပိုင်းတွင် ကျင်းပလေ့ရှိပြီး သတို့သားသည် တောင်ရှည်ပုဆိုး၊ ခေါင်းပေါင်း၊ ငါးတောင်ခန့် အရှည်ရှိ ကိုယ်လုံပုဆိုးကို ဝတ်ဆင်ကြသည်။

 

နားတွင် နားဋောင်းနှင့် လက်ဝဲဖက်လက်တွင် သံလက်ကောက် တစ်ကွင်းကို ဝတ်ဆင်လေ့ရှိသည်။ သတို့သမီးမှာမူ ဆယ်တောင်ခန့်ရှိ နှစ်ထပ်ထဘီ အင်္ကျီလက်ရှည် ဝတ်ပြီး ကိုးထောင်ခန့် ရှိသောကြိုးကို စည်းထားရသည်။ ထိမ်းမြားရာတွင် ရခိုင်မင်္ဂလာဆောင်အတိုင်း ဖြစ်ပြီး တတ်သိလိမ္မာသော ပရောဟိတ်တစ်ဦးက သမီးရှင်၏ လက်ယာလက်ကို သမက်ရှင်၏ လက်ဝဲလက် နှင့်တွဲ၍ ထိုင်စေခြင်း၊ သမီးရှင်၏ လက်ယာဖက် ခြေဖမိုးကို သမက်ရှင်၏ လက်ဝဲဖက်ခြေဖဝါးဖြင့် အနည်းငယ် ထပ်ကာ နင်းထားစေပြီး မင်္ဂလာတရားဖြင့် မြှောက်ရလေ့ရှိသည်။

 

ထိမ်းမြားမင်္ဂလာ ပြုလုပ်ရာတွင် ရှောင်ကြဉ်ရသည့် ဓလေ့များစွာ ရှိကြောင်း သိရသည်။ ထိမ်းမြားမင်္ဂလာပွဲကို ဝါတွင်းကာလနှင့် တန်ခူး၊ နတ်တော်၊ ပြာသို၊ တပို့တွဲလ မကျော်မီ ပြုလုပ်လေ့ မရှိကြပေ။ လူမျိုးခြားနှင့် လက်ထပ်ခြင်း မပြုဘဲ မိမိ မိသားစုတွင် ကိုယ်ဝန်သည်ရှိပါက မင်္ဂလာဆောင်ခြင်း မပြုကြပေ။ ထို့အပြင် သတို့သားနှင့် သတို့သမီး အသက်စုံ နှစ်များတွင် မင်္ဂလာဆောင်ခြင်း မပြုကြပေ။ မင်္ဂလာဆောင် ရက်သတ်မှတ် ထားသော်လည်း တစ်ဘက်ဘက်မှ မိဘမောင်ဘွား တစ်ဦး သေဆုံးလျှင် နောက်တစ်နှစ်ထိ စောင့်ပြီး မင်္ဂလာဆောင်ကြရသည်။ လက်မထပ်မီ ၇ ရက်အတွင်း ခရီးဝေးသွားခြင်း၊ ချောင်းကူးမြစ်ကူး သွားခြင်း၊ သစ်ပင်အမြင့်တင်ခြင်း၊ သစ်ကြီးဝါးကြီးခုတ်ခြင်း၊ သားငါးရှာဖွေခြင်း၊ အရက်သေစာ သောက်သုံးခြင်းများ မပြုရသည့်အပြင် ထိမ်းမြားမင်္ဂလာပြုသော ညမှ ၇ ရက်မြောက် ညအထိ မေထုံပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရသည်ဟု မှတ်သားရသည်။

 

မရမာကြီး မျိုးနွယ်စုများသည် မိမိကိုယ်မိမိ တရားကို စောင့်ထိန်းသူများဟု လက်ခံကြသူများ၊ အတိတ်နိမိတ်၊ ဗေဒင်များကို ယုံကြည်ကြသူများပီပီ၊ ရှောင်ရန်ဆောင်ရန် ဓလေ့များ များစွာရှိကြောင်း မှတ်သားရသည်။ သာမန်အချိန်၊ မင်္ဂလာပွဲတော်များ အချိန်၊ ကိုယ်ဝန်ဆောင်စဉ်များမှာ ရှောင်ကြဉ်ရမည့် အချက်များကား သာမန်လူများ လိုက်နာရန် ခဲယဉ်းလှသည်။ မြို့ပေါ်နေ မရမာလူမျိုး တစ်ချို့ထံတွင်မူ ရှောင်ကြဉ်ရမည့် အလေ့များ ပျောက်ကွယ်နေသည်ကိုလည်း တွေ့ရသည်။

 

သာမန် အချိန်တွင်ပင် ရှောင်ကြဉ်ရမည့် အချက်ပေါင်း ၅၈ ချက်ခန့် ရှိသည်။ ဤကဲ့သို့ ကန့်သတ်ချက်များကြောင့် ခေတ်ကာလနှင့် မကိုက်ညီသောအခါ လူမျိုးများအနေဖြင့် တိုးတက်သင့်သလောက် တိုးတက်မှုများ အသိဉာဏ်ကြွယ်ဝမှုများကို လက်လွတ်ဆုံးရှုံးနေရသည်ဟု ပညာတတ် မရမာကြီး အသိုင်းအဝိုင်း တစ်ချို့ကလည်း သုံးသပ်ကြသည်။ ယင်းအပြင် မရမာကြီး တိုင်းရင်းသားတို့တွင် မျိုးနွယ်စု ၂၈ မျိုးရှိပြီး မျိုးနွယ်စု အချင်းချင်း ခွဲခြားဆက်ဆံမှုများကြောင့် စိတ်ဝမ်းကွဲပြားမှုများ အနည်းနှင့် အများရှိကြသည်။ ရှေ့အစဉ်အဆက် မည်သို့ပင် ခွဲခြားလာစေကာမူ ယနေ့ခေတ်တွင် ပပျောက်သင့်သလောက် ပပျောက်သော်လည်း ထိုခွဲခြား ဆက်ဆံမှုများသည် တိမ်ကောပျောက်ကွယ်စ ပြုနေသော လူမျိုးစုဖို့အတွက် စိတ်မကောင်းဖွယ်ရာ တစ်ခုဖြစ်သည်။ လက်ရှိတွင်မူ မရမာကြီးနှင့် ဘရူဝါအတူတူပင် ဖြစ်သော်လည်း တစ်စုနှင့်တစ်စု သဘောထား ကွဲလွဲမှုများ ရှိသည်ကိုလည်း တွေ့ရသည်။

 

မရမာကြီး မျိုးနွယ်စုများ၏ ဝတ်စား ဆင်ယင်မှု အနေဖြင့် အမျိုးသားများသည် အလျား ၈ ပေခန့်ရှိသော အဝတ်ဖြူကို ခေါင်းတွင် ပေါင်းထားကြသည်။ အစွန်ချထားခြင်း မရှိပေ။ အလျား ၁၁ ပေခန့်ရှိသော ဒိုတီ (ခ) အဖြူရောင်ပုဆိုးကို ဟိန္ဒူများ ဝတ်ဆင်ကြသကဲ့သို့ ဝတ်ဆင်ကြသည်။ အင်္ကျီကို ပန်စါဘီ ဟုခေါ်ပြီး အဖြူ၊ အဝါ၊ အညို စသည်တို့ကို ခါးရှည်ဖြုတ်၍ ဝတ်ဆင်ကြသည်။ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော မရမာ လူငယ်တို့မှာ ယနေ့ခေတ် လူငယ်များ ဝတ်ဆင်သကဲ့သို့ ဝတ်ဆင်လာကြသည်။ မရမာကြီး အမျိုးသမီးများ ဝတ်ဆင်ကြသည်မှာလည်း ဟိန္ဒူ ဘာသာဝင် များကဲ့သို့ ဝတ်ဆင်ကြသည်။ ခါးမှစ၍ ကိုယ်တွင် ရစ်ပတ်ထားနိုင်သည့် အလျား ၁၀ ပေ၊ အနံ ၃ ပေခန့်ရှိသော အထက်အရောင် တစ်ရစ်ပါသော ဆာရီ(ခ) ထဘီတစ်မျိုးကို ဝတ်ဆင်ပြီး အင်္ကျီမှာ ကိုယ်ကျပ် ခါးတိုများကို ဝတ်ဆင်ကြသည်။ အပျိုများသည် ဆာရီကို ခေါင်းပေါ်တင်ခြင်း မပြုဘဲ အိမ်ထောင်သည်မှသာ ခေါင်းပေါ် တင်လေ့ရှိသည်။ မုဆိုးမ ဖြစ်ပါက ဆာရီအနားရစ် မပါဘဲ အဖြူသက်သက်ကိုသာ ဝတ်ဆင်ကြသည်။ အပျို၊ အိမ်ထောင်သည်၊ မုဆိုးမ ဖြစ်ကြောင်း ဆာရီဝတ်စားမှုကို ကြည့်၍ သိနိုင်သည်။

 

ဝတ်စားဆင်ယင်မှုသည် ဟိန္ဒူများနှင့် တူသော်လည်း နဖူးတွင် ဆေးအနီသုတ်ခြင်း မျက်စိထွက်ခြင်း မျက်မဲဆိုးခြင်း၊ နားဖောက်ခြင်း၊ နှာခေါင်းဖောက်ခြင်းများ မရှိသည်ကိုကြည့်၍ မရမာကြီး အမျိုးသမီးများ ဖြစ်ကြောင်း သိသာပေါ်လွင်စေသည်။ ပုတီး၊ လက်ကောက်၊ ခြေချင်း၊ ဆွဲကြိုး၊ ဆံထိုး၊ ဘီး၊ နားဋောင်းတို့ကို ဝတ်ဆင်လေ့ရှိကြသည်။ နာရေးကိစ္စများတွင်မူ အဝတ်ဖြူသက်သက်သာ ဝတ်၍ သွားကြသည်။

 

နာရေး ကိစ္စများတွင် တစ်ချို့မှာ ရခိုင်တိုင်းရင်းသား တို့နှင့်တူသော်လည်း သေပြီးသောအခါ ဦးခေါင်းကို မြောက်ဖက်သို့ လှည့်ထားခြင်း၊ ငှက်ပျောပင်အား သုံးပိုင်းပိုင်းကာ အနီးတွင်ထားခြင်း၊ တစ်တောင့်တစ်ထွာစီ ပိုင်းထားသော ငှက်ပျောပင်အား ပိုင်း၍ထားလျက် အလောင်းအား တင်ထားခြင်း၊ လူသေလောင်းအား ရေချိုးရာတွင် ခြေမှဦးခေါင်းထိ လက်ပြန်ရေချိုးပေးရခြင်းများသည် ခြားနားခြင်းများ ဖြစ်သည်။ များသောအားဖြင့် မီးသင်္ဂြိုဟ်လေ့သာ ရှိသည်။ ၁၅ နှစ်အောက် ကလေးများ သေပါက မြေမြှုပ်လေ့ ရှိသည်။

 

တေးဂီတ အနေဖြင့် ဘင်္ဂါလီပုံးမျိုးတစ်လုံး၊ ဒရမ်ငယ်တစ်လုံး၊ ခွက်ခွင်းတစ်ခု၊ စည်းတစ်လက်၊ ပလွေတစ်ခု၊ ပါဝင်ပြီး ဗုဒ္ဓဘာသာ ဇာတ်တော်များကို ဘင်္ဂါလီကဗျာ များကဲ့သို့ ဖွဲ့နွဲ့ဆိုကြသည်။ သီချင်းနှင့် ကခုန်ရာတွင်လည်း ဘင်္ဂါလီများနှင့် ဆင်တူသည့် အဆိုအကများဖြင့် ကခုန်ကြသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်သော မရမာကြီး လူမျိုးများသည် ယနေ့ခေတ်ပေါ် မရမာတေးသီချင်းများ သီဆို၍ ကိုယ်ပိုင်စီးရီးများ ထုတ်လုပ်ဖြန့်ချိနေကြပြီး ရခိုင်ပြည်နယ် အတွင်း၌ပင် လူကြိုက်များလျက် ရှိသည်။

 

 

အသုံးအဆောင်များမှာ ရခိုင့်အသုံးအဆောင်များနှင့် ဆင်တူပြီး အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး အလုပ်ကို လုပ်ကိုင်ကြသည်။ လယ်ယာမစိုက်မီ ရိုးရာနတ် ပူဇော်လေ့ရှိကြပြီး ကောက်သီးကောက်သစ်ကို အလှူအတန်း ပြုလုပ်လေ့ရှိကြသည်။ မရမာကြီး လူမျိုးတို့သည် သပေါ့ဖျာ ရက်လုပ်ခြင်းကို ကျွမ်းကျင်ကြပြီး မြန်မာနိုင်ငံတွင် မရမာကြီးများ နေထိုင်ရာ အရပ်မှ သပေါ့ဖျာ အများဆုံး ထွက်သည်။

 

မရာမာကြီး မျိုးနွယ်စုများသည် သမိုင်းမှတ်တမ်းများအရ ရခိုင်ပြည်နယ်အတွင်း ရှေးနှစ်ပေါင်းများစွာ နေထိုင်လာကြသော ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မောင်တောဒေသတွင် တစ်စုတစ်ဝေးတည်း နေထိုင်လာကြရာမှ ကိုလိုနီများ၏ နယ်ချဲ့လာမှုများ၊ အင်အားကြီးသူများ၏ အနိုင်ကျင့်မှုများ၊ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်ခံရမှုများကြောင့် နေရပ်စွန်ခွာကြပြီး တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ရောက်နေပြီဖြစ်သည်။

 

၁၉၄၂ ခုနှစ်တွင် ဘင်္ဂလီများ အကြမ်းဖက်မှုတွင် ယင်းလူမျိုးတို့၏ အသက်ပေါင်း မြောက်မြားစွာ ပေးဆပ်ခဲ့ရသည်။ ယခင်က မောင်တောဒေသတွင် နေထိုင်ခဲ့သော ရွာအချို့မှာ ပျက်စီးပျောက်ကွယ် ခဲ့ရသည်။ တစ်ချို့သော မရမာကြီးများသည် ယင်းအခြေချ နေထိုင်ခဲ့သော ရွာများ၏ အမည်များကို သက်သေ အထောက်အထားများနှင့် စိတ်မကောင်းဖွယ် ပြောပြကြသည်။

 

ယခုနောက်ဆုံး ၂၀၁၆ ခုနှစ် အကြမ်းဖက်မှုများကြောင့် ရွာလုံးကျွတ် မီးရှို့ခံရမှုများ နေရပ်စွန့်ခွာလာသူများ ရှိခဲ့သည်။ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးတွင်ပါသော ရခိုင်ပြည်နယ်တွင် ရှေးနှစ်ပေါင်းများစွာ ကတည်းက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများဖြင့် ဥမကွဲ သိုက်မပျက် နေထိုင်လျက်ရှိသည့် မရာမာကြီး တိုင်းရင်းသား မျိုးနွယ်စုများ ပျောက်ကွယ်မသွားစေရန် ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့များကို ပြန်လည်ဖေါ်ထုတ် နိုင်စေရန်အတွက် စာရေးသူအနေဖြင့် လက်လှမ်းမှီသမျှ မေးမြန်းဖတ်ရှုလေ့လာပြီး အစပြုပေးလိုက်သည့် သဘောပင်။

 

ယခုထက် မိမိအမျိုးကို ဆက်လက်ဖေါ်ထုတ်ရန် ထိန်းသိမ်းရန် တာဝန်သည်ကား မိမိတို့ မာရမာကြီး မျိုးနွယ်စု များက အဓိကကျပေသည်။ လက်ရှိ မေးမြန်းချက်များ အရပင် ဘရူဝါလူမျိုး၊ မရမာကြီးလူမျိုးဟု အချင်းချင်း သွေးကွဲနေမှုများ ရှိသည်ကိုလည်း တွေ့ရသည်။ လူမျိုးနွယ်စုတစ်စု ပျောက်ကွယ်ရခြင်း၏ အဓိကအချက်မှာ မိမိတိုင်းရင်းသား အချင်းချင်း မညီညွတ်မှုမှ စသည်ကို မမေ့အပ်ပေ။

 

မြတ်ဝေ