နေပြည်တော် ဇူလိုင် ၁၄
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်း ဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့ အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ် ရောင်းချ ပေးလျက်ရှိသည်။
ယနေ့တွင်လည်း စစ်တွေမြို့ ဦးဥတ္တမပန်းခြံနှင့် ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမရှေ့၌ ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူနှင့် တပ်မတော်စက်ရုံများနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွတ်ဘူးများ ဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီး သနပ်ဘူး စသည့် စားသောက်ကုန်များ၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်အရောင်းဆိုင်များ၏ စားကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက တစ်ခဲနက် ဝယ်ယူအားပေးကြောင်းနှင့် ယခုကဲ့သို့ စားရေးအခက်အခဲဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်