စစ်တွေ ၂၂ ဒီဇင်ဘာ
ရခိုင်ပြည်နယ် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများ အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်က ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးဥပဒေအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါ ကာကွယ်နှိမ်နင်းရေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း၊ ကွမ်းယာစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ မြို့နယ်ကျန်းမာရေးမှူး ဦးစောဝင်းမောင်က တဆင့်ခံဆေးလိပ်ငွေ့ အန္တရာယ်နှင့် Smoke Free Environment ဆောင်ရွက်ရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
မြန်မာနိုင်ငံတွင် အများပြည်သူသွားလာနိုင်သော နေရာများဖြစ်သည့် ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ တက္ကသိုလ်၊ ရုပ်ရှင်ရုံ၊ ဇာတ်ပွဲရုံ၊ အားကစားရုံ၊ လေအေးစက်သုံးသော အလုပ်ဌာန၊ ခန်းမ၊ ပုဂ္ဂလိကစာသင်ဆောင်၊ ခရီးသည်ပို့ဆောင်ရေးယာဉ်၊ ဓာတ်လှေကားနှင့် ရွေ့လျားလှေကား၊ အများပြည်သူသုံးခန်းမနှင့် အပန်းဖြေနေရာများအား ဆေးလိပ်သောက်ခွင့်မရှိသော နေရာများအဖြစ် သတ်မှတ်ထားကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)