စစ်တွေ ၃၀ ဇွန်
ရခိုင်ပြည်နယ် Coronavirus Disease – 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၉/၂၀၂၀)ကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် Coronavirus Disease – 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများတွင် ရောဂါပိုးတွေ့ရှိသူ များပြားလာသည့်အတွက် အမြန်ဆုံး ထိန်းသိမ်းတုံ့ပြန် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအတွေ့အကြုံများကို သင်ခန်းစာယူကာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားရန်လည်း အရေးကြီးပါကြောင်း၊ တခြားသောနိုင်ငံများမှ ဝင်ရောက်လာသူများနှင့် မတူညီသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှ ဝင်ရောက်လာသူများကို ထိန်းသိမ်းဆောင်ရွက်ရခြင်းမှာ ခက်ခဲပါကြောင်း၊ ထို့ကြောင့် အထိရောက်ဆုံးနှင့် အကျိုးအရှိမည့်နည်းလမ်းမှာ ကျေးရွာဒေသခံများသည် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ မိမိဒေသ၊ မိမိတို့ကျေးရွာများကို ဝင်ရောက်လာသည့်ဧည့်သည်များအား တာဝန်သိသိဖြင့် လေးလေးနက်နက်ထားကာ ကော်မတီအဆင့်ဆင့်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက များစွာထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ယခုအခြေအနေတွင် ကော်မတီဝင်များ၊ တာဝန်ရှိသည့်အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ မည်ကဲ့သို့ဆောင်ရွက်လျင် အောင်မြင်မည်ကို ညှိနှိုင်းဆွေးနွေးပေးကြစေလိုကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်ခဲ့သည့် အခြေအနေများတွင် လိုအပ်ချက်များ၊ အခက်အခဲများ၊ ကျန်းမာရေးနှင့်ပတ်သက်သည့် ပစ္စည်းများ စသည်ဖြင့် လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်းနှင့် ကိုဗစ်-၁၉ အလွန်ကာလအတွက်ပါ ထည့်သွင်းစဉ်းစားပြီး ကော်မတီဝင်များအနေဖြင့် အတတ်နိုင်ဆုံး ပွင့်ပွင်းလင်းလင်းဖြင့် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ် Coronavirus Disease – 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက မောင်တောဒေသအခြေအနေ ထိန်းချုပ်ဆောင်ရွက်နေမှု၊ လက်ရှိဆောင်ရွက်နေသည့် အခြေအနေ၊ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်သည့် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက Coronavirus Disease – 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို အကြံပြုဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(စစ်တွေခရိုင် ပြန်/ဆက်)


