စစ်တွေ   ဒီဇင်ဘာ   ၂

 

ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းသည် နှစ်ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာမှ ယခုအခါ ရောဂါကူးစက်သူများ ပြန်လည်တွေ့ရှိလာရကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ခဲ့ချိန်တွင် ကိုဗစ်ရောဂါကြောင့် ထိခိုက်ခဲ့သော ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဍများကို မြန်မြန်ဆန်ဆန်တိုးတက်လာအောင် ကုစားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နေချိန်တွင် ရောဂါကူးစက်မှုနှုန်းကို အရေးတကြီး ထိန်းချုပ်ဆောင်ရွက်နိုင်မှသာလျှင် ထိခိုက်ပျက်စီးမှုများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်သင့်သည့်ကိစ္စများ၊ လုပ်ဆောင်နေမှုများကို  ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်နယ် Coronavirus Disease – 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့မှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံပေးခဲ့မှုနှင့် ဆက်လက်ထိုးနှံပေးသွားမည့်အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေနွေး တင်ပြကြသည်။ ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က  ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)