စစ်တွေ ၁၁ ဧပြီ
ရခိုင်ပြည်နယ် Coronarvirus Disease – 2019 (ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေး(၂/၂၀၂၀)ကို ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် Corona rvirus Disease – 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပထမအကြိမ် အစည်းအဝေးတွင် ကော်မတီ၏ ဆုံးဖြတ်ပြီးဖြစ်သော လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများ၏ အဓိကကျသည့် အချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သွားရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် Coronar virus Disease – 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် ယနေ့ဆွေးနွေးချက်များအပေါ်တွင် ရရှိသော အချက်အလက် များ၊ ကော်မတီက ဆောင်ရွက်ထားသော အချက်အလက်များနှင့် ပေါင်းစပ်ပြီး လုပ်ငန်းစီမံချက်တစ်ခု ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းကော်မတီများအနေဖြင့် ယခင်ဆောင်ရွက်ချက်များ၊ ယခုလတ်တလော ဆောင်ရွက်နေသောအချက်များနှင့် ရှေ့လုပ်ဆောင်မည့်အချက်များကို ဆွေးနွေး ပေးကြစေလိုကြောင်း၊ ယနေ့တွင်လည်း အခြေခံစားကုန်(၅)မျိုးကို ပြည်နယ်တစ်ခုလုံးကို အောင်မြင်စွာဖြန့်ဝေနိုင်ခဲ့ပါကြောင်း၊ ကိုဗစ် - ၁၉ နှင့် ပတ်သက်၍ လုပ်ငန်းကော်မတီများအနေဖြင့် မည်သို့ဆောင်ရွက်သင့်သည်၊ ပြည်သူများသို့ မည်သို့ထပ်မံပြီးပညာပေးသင့်သည်၊ မည်သို့ကြိုတင် လုပ်ဆောင်ထားသင့်သည်တို့ကို ဆွေးနွေးပေးစေလိုပါကြောင်း၊ အခြေခံစားကုန်(၅)မျိုးဖြန့်ဝေရာတွင် အချိန်မီစွာ လုပ်ဆောင်နိုင်သကဲ့သို့ ရှေ့လုပ်ဆောင်မည့် လုပ်ငန်းများတွင်လည်း အချိန်မီမီဖြင့် လက်ဦးမှု ရယူကာ လုပ်ဆောင်နိုင်မည်ဆိုလျင် မိမိတို့အတွက်၊ မိမိတို့ပြည်သူများအတွက် ကိုဗစ် - ၁၉ ရောဂါ အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ် Coronarvirus Disease – 2019 (ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဌများနှင့် ကော်မတီအဖွဲ့ဝင်များက Coronarvirus Disease – 2019 (ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် ဆောင်ရွက်မည့်အစီအမံ များ၊ နှီးနွယ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်မည့် အခြေအနေများနှင့် ကော်မတီ၏ လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြရာ ပြည်နယ်ကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံး ချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


