စစ်တွေ ၁၁  သြဂုတ် 

၂၀၁၉ ခုနှစ် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လူထုလှုပ်ရှားမှုများကို အာဟာရ ဖွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါပုံကို မူဝါဒချမှတ်သူ နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူလူထုကို အသိပေး တင်ပြနိုင်ရန်၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်း ပါဝင်မှုပိုမို အားကောင်းလာစေရန်၊ ပြည်သူလူထုအတွင်း အာဟာရဆိုင်ရာ အသိပညာများ တိုးတက်လာစေပြီး အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူထုပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေရန် ရည်မှန်းချက်များဖြင့် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာစိုင်းဝင်းဇော်လှိုင်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ၊ ရခိုင်ပြည်နယ်၏ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

05

ထို့နောက် ရခိုင်ပြည်နယ် ကမ္ဘာ့မိခင်နို့တိုက်ကျွေး ရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား ပြည်နယ် ဝန်ကြီးချုပ် နှင့်ဇနီး၊ ပြည်နယ် လူမှုရေးဝန်ကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတို့က ဆုများပေးအပ်ချီးမြှင့်ကြပြီး အထိမ်းအမှတ် ဗီဒီယိုအားပြသသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ငါးနှစ်အောက်ကလေးများအား ဗီတာ မင်အေနှင့် သန်ချဆေးများ တိုက်ကျွေးကြပြီး ပျိုဖော်ဝင်ကျောင်းသူများအား သံဓာတ်ဆေးပြားများ၊ ကိုယ်ဝန်ဆောင် မိခင်များအား အဏုအာဟာရဆေးဝါးများကိုတိုက်ကျွေးကြကာ အာဟာရပြည့်ဝ သည့်အစားအစာများနှင့် အမှတ်တရ လက်ဆောင်များပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ဖွင့်ပွဲအထိမ်းအမှတ် ပြခန်းများအားလှည့်လည် ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

06

ယခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော ဆောင်ပုဒ်မှာ Empower parents, enable breastfeeding; Now and for the future “မိခင်နို့ချိုတိုက်ဖို့ရာ  မိဘတိုင်းကအရေးပါ အနာဂတ်အတွက် ယနေ့အစပါ” ဖြစ်ပြီး  ယခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအတွက်  Theme မှာ Invest in Nutrition ; Join hands in building thenNation  “အာဟာရတွင် မြှုပ်နှံကာ လက်တွဲတူညီဆောက်ရွက်ပါ နိုင်ငံဖွံ့ဖြိုးတိုး တက်မှာ” ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ NGO များမှကိုယ်စားလှယ်များ၊ UN INGO များမှကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)