ရန်ကုန် မေ ၂၃

 

ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက တစ်တင်းခွဲဝင် ဆန်အိတ် ၁၀၀၀ ပေးအပ်လှူဒါန်းပွဲကို ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် မေ ၂၃ ရက်က ကျင်းပခဲ့သည်။

 

ဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် အဘိဓဇမ ဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက  အဂ္ဂမဟာပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရအမှူးပြုသော ဧည့်ပရိသတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ အလယ်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက သီတဂူဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သီတဂူဆရာတော်ကြီးမှ ဩဝါဒကထာချီးမြှင့်ပြီး ဝန်ကြီးချုပ်က ဆန်အိတ်များ လှူဒါန်းမှုအပေါ် ကျေးဇူတင်ဝမ်းမြောက်စကား လျှောက်ထားပြီး မုန်တိုင်းဒဏ်သင့်ဒေသများသို့ ကြည်း၊ရေ၊လေ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင် ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေး ပစွည်းများအား တပ်မတော်(လေ)မှ လေယာဉ်များ၊ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ထောက်ပံ့ရေးယာဉ်များဖြင့် နေ့စဉ်ပေးပို့နေမှုများကို လျှောက်ထားတင်ပြသည်။

 

ထို့နောက် ဆရာတော်ကြီးက တစ်တင်းခွဲဝင် ဆန်အိတ် ၁၀၀၀ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် အလယ်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးတို့မှတစ်ဆင့် မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံ ဆက်လက်ပေးပို့နိုင်ရေး လွှဲပြောင်းပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် အလယ်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးတို့က သီတဂူဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းပြီး သီတဂူဆရာတော်ကြီးက ဆန်အိတ်များအား ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့မည့် MV - ရတနာမင်း ထောက်ပံ့ပို့ဆောင်ရေးရေယာဉ်ပေါ်သို့ တင်ဆောင်နေမှုကိုကြည့်ရှုသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည် MV - ရတနာမင်းပေါ်သို့ တာဝါတိုင် တန် ၃၀၊ ရိက္ခာခြောက် ၁၅၀၀ ထုပ်အားလည်းကောင်း၊ စစ်ရေယာဉ်ပြည်တော်အေး (၃)သင်္ဘောပေါ်သို့ သွပ်နှင့်ဆန်အိတ်များ တင်ဆောင်နေမှုကိုလည်း ကောင်း၊ MCL - 5  သင်္ဘောပေါ်သို့ သစ်ဆိုက်စုံ ၂၀၉ တန်၊ ဆန် ၂၄ ပြည် အိတ် ၃၉၀၀၀၊ ကရိန်းကား သုံးစီး၊ သွပ် ၁၁၃၀၃၀ ချပ်၊ ဒီဇယ် သုံးပေပါ၊ အိမ်ရိုက်သံ ၅ ဒဿမ ၇ တန်၊ မိုးကာတဲ ၂၅၄ လုံး တင်ဆောင်နေမှုကိုလည်းကောင်း၊ လျှပ်စစ်မီးတိုင်များအား သင်္ဘောပေါ်သို့ တင်ဆောင်ရန် စောင့်ဆိုင်းနေသည့်ကားများကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အလားတူ မေ ၁၉ ရက် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် မှော်ဘီမြို့နယ် သဲဖြူမဟာမြိုင်ဆရာတော် ဘဒ္ဒန္တပညာဇောတက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများထံ အလှူငွေ ကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန်/ဆက်)