ရန်ကုန် ၂၈ မတ်

မြောက်ဦးဒေသ၏ ရှေးဟောင်းအမွေအနှစ်သည် သမိုင်းတန်ဖိုးကြီးမားသည့် အပြင် အမွေအနှစ်များ၏လက်ရာ၊ ဗိသုကာတည်ဆောက်ပုံအရ တန်ဖိုးဖြတ်၍ မရနိုင်သည့် အမွေအနှစ်အရင်းအမြစ်တစ်ခုဖြစ်သည့်နည်းတူ နိုင်ငံ၏ရှေးအတိတ် သမိုင်းကြောင်း ဖြစ်တည်မှုအတွက် အရေးကြီးသည့် အမွေအနှစ် တစ်စိတ်တစ်ဒေသဖြစ်၍ ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ဆောင်ရွက်မှုသည် မိမိနိုင်ငံဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ကိုယ်စားအထူးပင်ဂုဏ်ယူကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရန်ကုန်ဌာနခွဲရုံး)၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံအနေဖြင့်ယူနက်စကို၏၁၉၇၂ ခု ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်းဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကွန်ဗင်းရှင်းပါ သတ်မှတ်ချက်များ နှင့်အညီ မိမိတို့၏ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လျက် ရှိကြောင်း၊ ယခုကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်ရာတွင် နိုင်ငံတကာအဆင့် ထိန်းသိမ်းစောင့်ရှောက်မှုများအနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းသို့ အမည်စာရင်း တင်သွင်းခြင်းသည်လည်း လုပ်ငန်းတာဝန်တစ်ခုဖြစ်ပြီး ယခုရခိုင်ပြည်နယ် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊

ပြည်နယ်အစိုးရဒေသခံများ၊ ယူနက်စကို၊ ပြည်တွင်းပညာရှင်များ၊ ပြည်ပပညာရှင်များ၏ ပူးပေါင်းပါဝင်မှု၊ ပံ့ပိုးကူညီမှုတို့ကြောင့် လုပ်ငန်း အရှိန်မပျက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ကြိုးပမ်းမှုများကြောင့် ကမ္ဘာ့အမွေအနှစ်အဖြစ် ရရှိခဲ့မည်ဆိုလျှင် မိမိတို့နိုင်ငံ၏ကောင်းမွန်သည့် ပုံရိပ်ကို ကမ္ဘာ့အသိုက်အဝန်း ကြားတွင်ဂုဏ်ယူစွာ ပြသနိုင်မည်ဖြစ်သကဲ့သို့ ဒေသ၏ လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများကလည်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် အလေးထားအားပေးကူညီလျက်ရှိကြောင်း ပြောကြားသည်။

ထို့အတူ ဒုတိယဝန်ကြီးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၂၂-၂-၂၀၁၉ နေ့ ရခိုင်ပြည်နယ်ခရီးစဉ်တွင်လည်း မြောက်ဦးဒေသသည် လူသိနည်းပြီး ရှေးရခိုင်မင်းများ၏ ခမ်းနားသည့် ဗိသုကာလက်ရာများ အသေးစိတ်ထုံမွှမ်းထားသည့် ကမ္ဘာတွင်ဖော်ထုတ်ရန် ကျန်နေသေးသည့် ဘာသာရေးဆိုင်ရာဒေသကြီးတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရပါက ရခိုင်ပြည်နယ် မြောက်ဦးဒေသ၏ ယဉ်ကျေးမှုနှင့် အနုသုခုမဆိုင်ရာထွန်းကားမှုနှင့် ခန့်ညားထယ်ဝါမှုပြယုဂ်ကို ကမ္ဘာကသိရှိပြီး ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းများလည်း တိုးတက်မြင့်မားလာမည်ဖြစ်ရာ ဒေသအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း ပြောကြားခဲ့ပါကြောင်း၊ ထိုသို့ ပြောကြားမှုသည် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးကိစ္စအပေါ် နိုင်ငံတော်အကြီးအကဲများအနေဖြင့် မည်မျှအလေးထားသည်ကို တွေ့ရှိနိုင်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ပြည်တွင်း ပြည်ပ ပညာရှင်များအနေဖြင့် မိမိတို့ဆောင်ရွက်ပြီးစီးမှု အခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေးပြောကြားကြပါရန် မေတ္တာရပ်ခံလိုပါကြောင်းနှင့် အမွေအနှစ်ကို ချစ်ကြသောစိတ်ဖြင့် နည်းစနစ်မှန်ကန်သော ထိန်းသိမ်းမှုလမ်းစဉ်များကို ချမှတ်နိုင်ရန် ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ဖြစ်စေမည့် ကိစ္စများကို ထိထိရောက်ရောက် ညှိနှိုင်းဆွေးနွေးကြပါရန် ပြောကြားသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများကို တင်ပြဆွေးနွေးသည်။

ယင်းနောက်တက်ရောက်လာကြသည့် ပြည်တွင်း ပြည်ပပညာရှင်များ၊ ကော်မတီ၊ ဆပ်ကော်မတီဝင်များက မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် လိုအပ်သော နယ်နိမိတ်သတ်မှတ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခြင်း၊ မြောက်ဦးဒေသအတွင်း စီမံခန့်ခွဲရေးအစီအစဉ်များရေးဆွဲခြင်းနှင့် အမွေအနှစ်ဒေသအတွင်း စောင့်ကြည့်အကဲခတ်ရေး ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။အစည်းအဝေးကို မတ် ၂၉ ရက်ထိကျင်းပသွားမည်ဖြစ်သည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်၊ ယူနက်စကိုနှင့် ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ ကော်မတီ၊ ဆပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြောက်ဦးဒေသခံကိုယ်စားလှယ်များ တက်ရောက်ကြသည်။

သတင်း-ဥမ္မာသန့်
ဓာတ်ပုံ-ရဲထွဋ်

 

mdn