မောင်တော နိုဝင်ဘာ ၃
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီက မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာ ကွယ်ရန်အတွက် လာရောက်ထိုးနှံသည့် မိခင် နှင့် အသက်(၂)နှစ်အောက် များအား နှာခေါင်းစည်း MASK များ စနစ်တကျ တပ်ဆင်စေခြင်းများ ဆောင်ရွက်စေပြီး ကျန်းမာရေး ဝန်ထမ်းများမှ ရပ်ကွက် ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးများ အား အဆုတ်ရောဂါ ကာကွယ် ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင် ရောဂါ ကာ ကွယ် ဆေး၊ ဝမ်းရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ် ဆေးထိုး နှံပေး လျှက်ရှိပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဦးလျှင် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်း(၅) မျိုးအား ထောက်ပံ့ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း မောင်တောတာဝန်ခံ ညှိနှိုင်းရေးမှူး ဦးမောင်သာထွန်း ထံမှ သိရသည်။
အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက် (၂)နှစ် အောက် ကလေးများနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ကျန်းမာရေး ဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ် အသီးသီးတွင် နို၀င်ဘာ (၃) ရက်နေ့မှ စ၍ နို၀င်ဘာ (၉) ရက်နေ့အထိ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း အဖွဲ့ရုံးတွင်လည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)


