မောင်တော၊ ၁၄ ဇွန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်၊ စက်ပြင် သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၄ ရက် နံနက် ၉ နာရီက ကင်းချောင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းက အမှာစကားပြောကြားရာတွင် သင်တန်းမှ သင်ကြားပို့ချပေးသော ပညာရပ်များကို သင်ယူတတ်မြောက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေကာ မိသားစု တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်လာစေမည် ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရရှိနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း နှင့် သင်တန်းသား တစ်ဦးစီကို ဆိုင်ကယ်၊ စက်ပြင်ရာတွင် အထောက်အကူပြုပစ္စည်း (၁၁)မျိုးအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြတစ်ဦးမှလည်း သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆိုင်ကယ်၊ စက်ပြင် သင်တန်းတွင် သင်တန်းသား ၂၀ တက်ရောက်သင်ယူလျက်ရှိပြီး နည်းပြဆရာ နှစ်ဦးက စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ရာ သင်တန်းကာလမှာ ၁၄ ရက် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


