မောင်တော ဇွန် ၃၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၃၀ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ကာ ဆက်လက်ဆောင်ရွက်စေလိုကြောင်း၊ ဈေးရောင်း၊ ဈေးဝယ်သူများအား နှာခေါင်းစည်းတပ်ဆင်ရောင်းချနိုင်ရေး သက်ဆိုင်ရာဌာနမှ ကြီးကြပ်ဆောင်ရွက်ရန်၊ ပြည်သူလူထုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော လမ်းညွှန်ချက်များနှင့်အညီ  လိုက်နာနေထိုင် ဆောင်ရွက်ကြရန် ထပ်မံအသိပညာပေး နှိုးဆော်ပေးရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်လာစေရေးအတွက် ကျေးရွာ၊ ရပ်ကွက်များရှိ သတ်မှတ်နေရာအသီးသီးတွင် ယာယီမဏ္ဍပ်ငယ်များ တည်ဆောက်ပြီး ပြည်သူများ နေအိမ်ပြင်ပ ထွက်ခေါ်လာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ရေးနှင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စနစ်တကျ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပြီး မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ များပြားလာသည့်အတွက် မောင်တောပြည်သူ့ဆေးရုံ၌ လူနာများထားရှိရန်အတွက် နေရာအခက်အခဲများရှိသဖြင့် လိုအပ်လာပါက ယာယီဆေးရုံငယ်အဖြစ် ဆောင်ရွက်မည့် သီရိမင်္ဂလာခန်းမတွင် လူနာများထားရှိနိုင်ရေးအတွက် ကြိီးကြပ်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များနှင့် အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌမှ ပေါင်းစပ်ညိနှိုင်းပေးခဲ့သည်။ မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားလာသည့်အတွက် အသိပညာပေးလုပ်ငန်းများနှင့် မြို့အဝင်၊ အထွက် ဂိတ်များတွင်လည်း အခြားမြို့များမှ ဝင်ရောက်လာသည့် မော်တော်ယာဉ်များနှင့် လိုက်ပါလာသည့် ပြည်သူများကိုလည်း ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်းတပ်ဆင်ပြီးမှ မြို့အတွင်းသို့ ဝင်ရောက်စေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)‌