မောင်တော ဩဂုတ် ၁၃
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ် သစ်တောဦးစီးဌာနမှ ကမ်းနားတစ်လျှောက် ဒီရေတောပင်များ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ ကမ်းစပ်အနီးတွင် ဒီရေတောအပင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မြင့်သိန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စိုက်ပျိုးပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့သစ်ချောင်း၊ ငါးခူရချောင်းနှင့် စံကားပင်ရင်းကျေးရွာအုပ်စုအနီးရှိ ကမ်းနားတစ်လျှောက် ဒီရေတောများ ပိုမိုများပြားလာစေရန်၊ ဒီရေတောပင်များ ပိုမိုများပြားလာခြင်းကြောင့် ရေချို ရေငံစပ် သတ္တဝါများဖြစ်သည့် ငါး၊ ပုစွန် အစရှိသည့် ရေနေသတ္တဝါများ၏ သားပေါက်ဖွားနေရာ ပိုမိုများပြားလာစေရန်၊ ဒီရေတော ဂေဟစနစ် ပိုမိုကောင်းမွန်လာစေရန်နှင့် မုန်တိုင်းကြောင့်သက်ရောက်မည့် လေဒဏ်၊ လှိုင်းဒဏ်အား ပိုမိုကာကွယ်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကမ်းနားတစ်လျှောက် သမဲ့ကြီး၊ သမဲ့ကြက်တက်၊ ကန့်ပလာ၊ လမုပင် စုစုပေါင်း ၁၅၁၂၅ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင် ပြန်/ဆက်)