မောင်တော ဖေဖော်ဝါရီ ၁၃

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မောင်တောခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်နှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ် ဦးစစ်အောင်တို့က အဖွင့်အမှာစကား ပြောကြားကြပြီး လူငယ်စကားဝိုင်းအား စတင်ပြုလုပ်ရာ ဦးမြင့်ခိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ Grade-၁၁ မှ ကျောင်းသူ မမိုးသန္တာလင်းက စာပေ၏ အကျိုးကျေးဇူး၊ Grade-၁၁ မှ ကျောင်းသူ မနွယ်နွယ်ကြည်က လူငယ်နှင့် အကျင့်စာရိတ္တ၊ Grade-၉ မှ ကျောင်းသား မောင်ကျန်သိန်းက လူငယ်နှင့် မူးယစ်ဆေးဝါး၊ Grade-၉ မှ ကျောင်းသားတစ်ဦးက လူငယ်နှင့် ကျန်းမာရေး အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပြီး အပြန်အလှန် ဆွေးနွေးကြသည်။ 

 

အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ မောင်တောခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ် ဦးစစ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာကို ဖြန့်ဝေပေးကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်တို့ကို ကျောင်းသား၊ ကျောင်းသူလေးများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

 

သက်လွင်စိုး၊ အောင်ကျော်စိန်
ခရိုင်(ပြန်/ဆက်)