မောင်တော ဧပြီ ၂၅

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက်၊ UNHCR ရုံးခြံဝင်းအတွင်း ယနေ့ ၁၀ နာရီ ၂၅ မိနစ်ခန့်က အမှိုက်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက်၊ UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဌာနေကိုယ်စားလှယ်၏ ကွင်းဆင်းလုပ်ငန်းဆိုင်ရာ ရုံးဝန်းအတွင်း၌ မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိရုံးဝန်ထမ်းတစ်ဦးမှ ဖုန်းဆက်သတင်းပေးပို့မှုအရ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေး ဦးသန့်ဇင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်ရသည့် အကြောင်းအရင်းမှာ (UNHCR) ရုံးရှိ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးမှ အမှိုက်များကို မီးရှို့ခဲ့ရာမှ ဧည့်ရိပ်သာနှင့် ဂိုဒေါင်ကြား၌ ထားရှိသည့် ပလတ်စတစ် ပစ္စည်းတင်ခုံများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ပလတ်စတစ်ပစ္စည်းတင်ခုံ (၁၄)ခု မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

 

မီးလောင်မှုနှင့်ပတ်သက်၍ (UNHCR) ရုံးရှိ သန့်ရှင်းရေးဝန်ထမ်းဖြစ်သူ ဦးလှမောင်သိန်းအား မောင်တောမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦစီးဌာနမှ သိရသည်။

 

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)