မောင်တော ဩဂုတ် ၁၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာတွင်နေထိုင်လျက်ရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဩဂုတ် ၉ ရက်နေ့မှ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ လာရောက် ထိုးနှံ သည့် အသက်(၆၅)နှစ် နှင့်အထက်ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ အောက်စီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောက်ရွက်ပေးလျက်ရှိသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ် နှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံပေးခြင်းကို လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မောင်တောမြို့နယ် ကျေးရွာများရှိ အသက် ၆၅ နှစ်နှင့် အထက် ပြည်သူများအား Sinopharm အမျိုး အစား ကာကွယ် ဆေး ထိုးနှံ ပေးခြင်းကို ဩဂုတ် ၉ ရက်နေ့မှ ဩဂုတ် ၁၁ ရက်နေ့ထိ လျာထား လူဦးရေ (၁၁၇၉)ဦး အား သတ်မှတ်နေရာများတွင် ကျန်းမာရေး ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


