မောင်တော၊ ၂၇ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နေ့လယ်ပိုင်းက ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးလျက်ရှိကြောင်း ဒုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံထံမှ သိရသည်။
အိန္ဒိယနိုင်ငံထုတ် Covidshieid ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကိုနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။ မောင်တောမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်း ၂၂၇ ဦးရှိရာ မြို့နယ်အတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂၆ လုံးရရှိပြီး ကာကွယ်ဆေး တစ်လုံးကို လူ(၁၀)ဦးအထိ ထိုးပေး၍ရကြောင်း သိရသည်။ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁) ဦးသန်းတင်မောင်ထံမှ သိရသည်။
ထို့အပြင် မောင်တောမြို့နယ်အတွင်းရှိ ပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန်အတွက် ရပ်ကွက်/ကျေးရွာအလိုက် လူဦးရေစာရင်း ကောက်ယူလျက်ရှိပြီး ဖေဖော်ဝါရီ ပထမအပတ်တွင် ထိုးနှံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ခရိုင် ပြန်/ဆက်)


