နေပြည်တော် ဇွန် ၂၂

ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးတင်ဉီး သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရခိုင်ပြည်နယ်စာရင်း စစ်ချုပ်ရုံး၌ ကျင်းပသည့် မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအားထောက်ပံ့ ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယနေ့အခမ်းအနားသည် ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံးဝန်ထမ်းများအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် ပုဂ္ဂလိကများက ပရဟိတစိတ်၊ မိသားစုစိတ်ဓာတ်ဖြင့် ဒုတိယအကြိမ် စုပေါင်းလှူဒါန်းသည့် ငွေကျပ် ၁၅၆ သိန်းကို ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနား ဖြစ်ပါကြောင်း၊  မိုခါမုန်တိုင်းဒဏ်သင့် စာရင်းစစ်ရုံး ဝန်ထမ်းများနှင့် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ ပြုပြင်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၄၀) ၊ ဘုရားစေတီများ ပြုပြင်ရန် အလှူငွေကျပ်(၆)သိန်း၊ သာသနိကအဆောက်အဦများနှင့် ဘုန်းတော်ကြီးကျောင်းများ ပြုပြင် မွမ်းမံရန်အလှူငွေကျပ်(၁၀)သိန်း စုစုပေါင်းထောက်ပံ့လှူဒါန်းငွေ ကျပ် (၁၅၆) သိန်းဖြစ်ကြောင်း၊ ပထမအကြိမ် လှူဒါန်းမှုအနေဖြင့်လည်း ဇွန်လ ၅ ရက်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများ၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ် ချုပ်ရုံးများနှင့် ရွှေစပါးကုမ္ပဏီမိသားစုတို့က လှူဒါန်းသည့် အလှူငွေစုစုပေါင်းငွေ ကျပ် ၂၀၉ သိန်း ၁ သောင်းနှင့် ပစ္စည်း တန်ဖိုး ၁၆၈ သိန်း ၂ သောင်း စုစုပေါင်းငွေနှင့် ပစ္စည်းတန်ဖိုး ကျပ် ၃၇၇ သိန်း ၃ သောင်းကို စစ်ဆေးရေးဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်ခင်သန်းကြည် မှတစ်ဆင့် ပေးအပ်လှူဒါန်း ခဲ့ပါကြောင်း၊ လှူဒါန်းရရှိမှုများကို ထိရောက်အကျိုးရှိစွာမျှဝေ သုံးစွဲနိုင်ရေးအတွက် စီမံဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသစာရင်းစစ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး ဝန်ထမ်းများ ကိုယ်စား ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး ဉီးအေးငွေ က လက်ခံရယူ၍ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံများက ရုံးလုပ်ငန်းဆိုင်ရာများ၊ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ပြင်ဆင်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်က ရှင်းလင်းတင်ပြ မှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များ လမ်းညွှန်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် စစ်တွေခရိုင်နှင့် မြို့နယ်စာရင်းစစ် ရုံးများသို့ ရောက်ရှိပြီး အဆောက်အအုံ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ အားပေးစကားပြောကြားပြီး  လိုအပ်သည်များကို လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်