ရန်ကုန် မေ ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သော ရခိုင်ပြည်နယ် ၊ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများသို့ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ကုသမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လက်ရှိဖြစ်ပေါ်နေသည့် ထိခိုက်မှု/ ဝမ်း ပျက်/ သားလျော/ ဖျားနာနှင့် အားဆေးထိုးလုပ်ငန်းတို့ကို မေ (၂၁)ရက် မှစ၍ ဝန်ထမ်းအင်အား အစုအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မုန်တိုင်းဖြစ်ပွားပြီး မွေးမြူရေးတိရစ္ဆာန်များတွင် အဖြစ်များသည့် အစာမစား၊ ချောင်းဆိုး၊ အဆုတ်ရောင်၊ ထိခိုက်ဒဏ်ရာ၊ ဝမ်းပျက်ဝမ်းလျော၊ သားလျော၊ လည်ချောင်း ကွဲရောဂါ၊ ဖျားနာရောဂါ ကာကွယ်ကုသမှုနှင့် အားဆေးထိုးလုပ်ငန်းကို ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၄ မြို့ နယ်တွင် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

“ရခိုင်ပြည်နယ်ထဲက စစ်တွေအပါအဝင် မြို့နယ်တွေမှာရှိတဲ့ ကျွဲ/နွား တိရစ္ဆာန်တွေကို ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ကုသခြင်းလုပ်ငန်းကို ဒီနေ့ကစပြီး နေ့စဉ်အရေးပေါ် တုံ့ပြန်ရေးအဖွဲ့တွေက ဆောင်ရွက်နေတယ်။ တိရစ္ဆာန်တွေမှာ ထိခိုက်ဒဏ်ရာနဲ့ ဝမ်းလျော ဖြစ်တာများတယ်။ ရေငန်ဝင်ထားတဲ့အတွက် တိရစ္ဆာန်တွေဝမ်း ပျက်ဝမ်းလျောဖြစ်တာပါ။ မုန်တိုင်းအတွင်းမှာ ကိုယ်ဝန်ရှိတဲ့ကျွဲ/နွားတိရစ္ဆာန်တွေ သားပျက်သားလျော ဖြစ်တာရှိတယ်။ ပြီးတော့ အဖြစ်များတာ တစ်ခုက လည်ချောင်းကွဲရောဂါပါ။ ဒီအတွက် ချောင်းကွဲကာကွယ်ဆေးကိုထ ိုးနှံပေးနေပါတယ်။ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြေပုံမြို့နယ်တွေမှာ တစ်ပြိုင်နက်တည်း ကာကွယ်ကုသရေးလုပ်ငန်းကို ဆောင်ရွက်သွားဖို့ရှိပါတယ်။” ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတိုးမင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဒေသနွား ၅၈၀,၀၀၀ ခန့်၊ နို့စား နွားကောင်ရေ ၁၈၀ ကျော်၊ ဒေသကျွဲ ၁၈၀,၀၀၀ ခန့်၊  ဆိတ် ၆၃၀၀၀ ခန့်၊ ဝက် ၃၃၀,၀၀၀ ခန့်၊ အသားတိုးကြက် ၃၈၀,၀၀၀ ခန့်၊ ဥစားကြက် ၁၉၀,၀၀၀ ခန့်၊ တိုင်းရင်းကြက် ၄၇၀၀,၀၀၀ ခန့်၊ ဘဲ ၈၅၀၀၀ ခန့် မွေးမြူမှုရှိကြောင်းသိရပြီး မုန်တိုင်းဖြစ်ပွားပြီးနောက် မွေးမြူရေးတိရိစ္ဆာန်များ ရောဂါ ဖြစ်ပွားမှုနှင့် ထိခိုက်သေဆုံးမှုရှိသည့်အတွက် သေဆုံးမှုစာရင်း ကောက်ယူခြင်းနှင့် ရောဂါကုသခြင်းတို့ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 

ဓာတ်ပုံ-ကနူး                                                                                                      ညိမ်းသူ (သတင်းစဉ်)