စစ်တွေ ၁၈  ဇူလိုင် 


ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း(၂)၌ ကျင်းပသည်။


အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ပူးတွဲ ဥက္ကဌ ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြည်ထောင်စုတွင် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီကို ဖွဲ့စည်းထားပြီး ၎င်းကော်မတီအောက်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း ကော်မတီနှင့် နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီဟု လုပ်ငန်းကော်မတီ နှစ်ရပ်ဖွဲ့စည်းထားပါကြောင်း၊ 


မိမိတို့ပါဝင်သော ကော်မတီတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများလည်း ပါဝင်ကြသည်ကို အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးအတွက် UEHRD အစီအစဉ်ဖြင့် လက်ခံရေးစခန်းများ၊ စီစစ်ရေးစခန်းများနှင့် ယာယီနားနေရေးစခန်းများကို ဆောက်လုပ်ထားပြီးဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာနေရသည့် ဒေသခံ တိုင်းရင်းသားများအတွက်လည်း စုစည်းအိမ်ယာများ ဆောက်လုပ်ကာ နေရာချထားပြီး ဖြစ်ပါကြောင်း၊ 


သို့သော် နေရာချထားပြီးဖြစ်သည့် တိုင်းရင်းသားကျေးရွာများတွင်လည်း အခြေခံလိုအပ်ချက်များ ရှိနေသေးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုကိစ္စရပ်များသည် မိမိတို့ကော်မတီနှင့် တိုက်ရိုက်သက်ဆိုင်နေပါကြောင်း၊ ယခုအခါ တစ်ဖက်နိုင်ငံသို့ရောက်ရှိနေသူများ ပြန်လည်ဝင်ရောက်လာမည် ဖြစ်သည့်အတွက် နေရာချထားပေးရန် မိမိတို့ကော်မတီမှ လုပ်ဆောင်ပေးရမည့် ကိစ္စရပ်များ ပါဝင်လာပါကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံမှ တရားဝင် ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် နေရာချထားနိုင်ရန် မိမိတို့ကော်မတီ အောက်တွင် လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းစီမံချက်များရေးဆွဲနိုင်ရန်နှင့် လုပ်ငန်းတာဝန်များကို လွယ်ကူလျှင်မြန်စွာလုပ်ဆောင်နိုင်ရန် ယခုအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ကော်မတီအဖွဲ့ဝင်များက ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် လုပ်ငန်းတာဝန်အလိုက် ဆပ်ကော်မတီများဖွဲ့စည်းရေးအတွက် အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။


ညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)