စစ်တွေ မတ် ၁၁
နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲမှုအောက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ၊ ရဲမေနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မတ် ၁၁ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယရဲချုပ်၊ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့တစ်ခုတည်းသာ ထောက်ပံ့ပေးအပ်ခြင်းမဟုတ်ဘဲ အခြားလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် လုံခြုံရေး ကိစ္စရပ်သည် အလွန်အရေးကြီးကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်အောင် ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လိုအပ် သော ထောက်ပံ့ခြင်းများကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပေးအပ်ရာ တပ်ဖွဲ့ဝင်တစ်ဦးက လက်ခံရယူသည်။ ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
တင်ထွန်း(ပြန်/ဆက်)