ရန်ကုန် ၂၂ ဇန်နဝါရီ

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) သို့ Energize Myanmar ကုမ္ပဏီက အလှူငွေပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ ကျင်းပသည်။

 

582

 

အခမ်းအနားတွင် UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က အဖွင့်အမှာစကားပြောကြားပြီး Energize Myanmar ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ Mr. Billy Harkin က လှူဒါန်းရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် Energize Myanmar ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ Mr. Billy Harkin က အမေရိကန်ဒေါ်လာ တစ်သောင်းကို ပေးအပ်လှူဒါန်းရာ UEHRD ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က လက်ခံပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် UEHRD ဥက္ကဋ္ဌ၏ အကြံပေးအရာရှိ ဦးတိုးအောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး UEHRD သတင်းနှင့် ဆက်သွယ်ရေးဒါရိုက်တာ ဦးကျော်မြိုင်က UEHRD သတင်းနှင့် ဆက်သွယ်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

 

အခမ်းအနားနှင့်ပတ်သက်၍ ဒေါက်တာ အောင်ထွန်းသက်က “UEHRD စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး တာဝန်သုံးရပ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ပထမတစ်ခုကတော့ လူသားချင်းစာနာမှုနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ ဒုတိယကတော့ ပြန်လည်နေရာချထားရေးကိစ္စ၊  တတိယက ဖွံ့ဖြိုးမှုလုပ်ငန်းတွေ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းသုံးခုကို ဆရာတို့တာဝန်ယူ လုပ်နေတဲ့အခါမှာ အဓိကက နိုင်ငံတော်အစိုးရရဲ့ ဦးစီးမှု၊  ပုဂ္ဂလိက ကဏ္ဍရဲ့လှုပ်ရှားမှုနဲ့ပေါင်းပြီး လုပ်တာဖြစ်တယ်။ UEHRD မှာ အလုပ်အစုအဖွဲ့ ၁၀ ခုရှိတယ်။ အဲဒီထဲမှာ ဆက်သွယ်ရေး လုပ်ငန်းအဖွဲ့ဆိုပြီးပါတယ်။ ဒီနေ့လှူဒါန်းတဲ့ငွေတွေကို အဲဒီအဖွဲ့ကို လွှဲပြောင်းပေးအပ်သွားမှာပါ” ဟု ပြောသည်။

 

ဆက်လက်၍ ၎င်းက “UEHRD နဲ့ ပတ်သက်လို့သော်လည်းကောင်း၊ ရခိုင်နဲ့ ပတ်သက်လို့သော်လည်းကောင်း နိ်ုင်ငံတကာ နားလည်မှုတွေဟာ တော်တော်လေး အားနည်းနေတာကို တွေ့ရတယ်။ ပြည်တွင်းမှာလည်း အယူအဆတွေ အမျိုးမျိုးဖြစ်နေတာ တွေ့ရတယ်။ ဒါ့ကြောင့် အဖြစ်မှန်၊ ပကတိ အခြေအနေကို တင်ပြနိုင်ဖို့လိုပါတယ်။ ကိ်ုယ့်နိုင်ငံကမီဒီယာက ကိုယ့်နိုင်ငံမှာဖြစ်တဲ့ အခြေအနေတစ်ခုကို သပ်သပ်ရပ်ရပ် တင်ပြနိုင်တဲ့ အနေအထားရှိဖို့လိုတယ်”ဟု ပြောသည်။

 

လှူဒါန်းမှုနှင့်ပတ်သက်၍ Energize Myanmar မှ စီမံကိန်းဖွံ့ဖြိုးမှု စီမံခန့်ခွဲရေးမှူး ဒေါ်လင်းသန္တာအောင်က နိုင်ငံတကာ အဖွဲ့အစည်းများ၏ အာရုံစိုက်ခြင်းခံနေရသည့် ရခိုင်အရေးနှင့် ပတ်သက်ပြီး အသေးစားကူညီမှုအနေဖြင့် တစ်ထောင့်တစ်နေရာက ပါဝင်ကူညီခြင်းဖြစ်ကြောင်း၊ မတူညီသည့် ယဉ်ကျေးမှုနှစ်ခုကို ပေါင်းစပ်နိုင်ရန်နှင့် ယခုထက်ပိုမို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ယင်းကဲ့သို့ လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်