နေပြည်တော် ၂ စက်တင်ဘာ 

 

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်သော နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်သည် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပျက်ပြားစေခဲ့သော ပြဿနာများအတွက် ရေရှည်တည်တံ့မည့် အဖြေရှာဖွေရန်ဖြစ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကွယ်လွန်သွားပြီဖြစ်သော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန်ကဲ့သို့ မျှတပြီးအကောင်းရှုမြင် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုနှင့် ထောက်ခံအားပေးမှုတို့ကိုသာ ပြုလုပ်မည်ဆိုပါက နိုင်ငံတော်အစိုးရ၏ ဤရည်မှန်းချက်ကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

နိုင်ငံတော်အစိုးရသည် ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် (၈၈) ချက်အနက် (၈၁) ချက်ကိုအကောင်အထည်ဖော်ပြီး ဖြစ်ပါသည်။ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက် နိုင်ငံတော်အစိုးရသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အိမ်နီးချင်းကောင်းပီသစွာ စေ့စပ်ညှိနှိုင်းလျက် နှစ်နိုင်ငံသဘောတူညီချက်၌ သတ်မှတ်ထားသည့်အတိုင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စိစစ်ပြီးသူများအား ပထမအသုတ် ပြန်လည်လက်ခံရန်အဆင်သင့်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်အစိုးရသည်ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့နှင့်လည်း နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ ပါသည်။ နေရပ်စွန့်ခွာ သူများကို ပြန်လည်နေရာချထားပေးမည့်နေရာများအနက် ပထမအဆင့်အတွက် ကျေးရွာ ၂၃ ရွာအား ကုလသမဂ္ဂမှတာဝန်ရှိပုဂ္ဂိုလ်များ သွားရောက်လေ့လာနိုင်ရန် ဩဂုတ်လ ၇ ရက်ကတည်းက ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အရေး ဖြေရှင်းရာ၌ နိုင်ငံတော်အစိုးရသည် ကုလသမဂ္ဂ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသကဲ့သို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး မစ္စခရစ်စတင်း ရှရန်နာဘာဂန်နာအား ခန့်အပ်မှုကိုလည်း ကြိုဆိုလက်ခံခဲ့ပါသည်။ မည်သည့်လူ့အခွင့်အရေးချိုးဖောက်မှုကိုမျှ လက်ခံခွင့်လွှတ်ပေးမည်မဟုတ်ကြောင်းအား နိုင်ငံတော်အစိုးရက ရှင်းလင်းပြတ်သားစွာ ပြောဆိုပြီးဖြစ်သကဲ့သို့ ဝါရင့်သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလို ဦးဆောင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီးလည်း ဖြစ်ပါသည်။ ဤအချက်တို့ကို ကြည့်ရုံမျှဖြင့် နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပျက်ပြားစေခဲ့သော ပြဿနာတို့အတွက် ရေရှည်တည်တံ့မည့်အဖြေအား ကြိုးပမ်းရှာဖွေနေသည်မှာ ပေါ်လွင်ထင်ရှားပြီး ဖြစ်ပါသည်။

 

သို့သော် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှု၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုတို့ကို လေ့လာ သုံးသပ်ပါက အာဆာအကြမ်းဖက်အဖွဲ့သည် ပြည်ပအကြမ်းဖက် အဖွဲ့များ၏ အထောက်အပံ့ဖြင့် သေချာစွာအကွက်ချ စီစဉ်ဆောင်ရွက်ခဲ့သည်မှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေပါသည်။ တစ်ဖန် အာဆာအကြမ်းဖက်အဖွဲ့သည် မွတ်စလင်မဟုတ်သော တိုင်းရင်းသား ၂၅၀ ကျော်အပါအဝင် ဟိန္ဒူဘာသာဝင် ၁၀ဝ ခန့်ကိုလည်း ရက်စက်စွာသတ်ဖြတ်ခဲ့ပါသည်။ ဤမျှသောရက်စက်ကြမ်းကြုတ်မှုများကို ဖန်တီးထားပါလျက်ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ဖန်တီးခဲ့လေဟန် အာဆာ အကြမ်းဖက်အဖွဲ့က သေချာစွာ တွက်ချက်သွေးထိုးလှုံ့ဆော် ဖန်တီးခဲ့ပြန်ပါသည်။ အဆိုပါသွေးထိုးလှုံ့ဆော်မှုတို့၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်အစိုးရအပေါ်ဖြစ်နိုင်သမျှ အပြင်းထန်ဆုံး နိုင်ငံတကာဖိအားများ ကျရောက်စေရန် ဖြစ်ပါသည်။ တစ်နည်းဆိုသော် အာဆာအကြမ်းဖက်အဖွဲ့ အပါအဝင်နိုင်ငံတကာ အဖျက်အမှောင့်အင်အားစုတို့က ၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေးအကျိုးအမြတ်အတွက် ရခိုင်ပြည်နယ်ရှိ အပြစ်မဲ့ပြည်သူတို့အပေါ် အမြတ်ထုတ်လိုက်ခြင်းသာ ဖြစ်ပါသည်။ ဤသို့သော အမြတ်ထုတ်မှုတို့သည် ရခိုင်ပြည်နယ်၏ ပြဿနာတို့ကို ဆိုးသထက်ဆိုးစေမည်သာ ဖြစ်ပါသည်။ အမှန်တကယ်ဆောင်ရွက်ရမည်မှာ မှန်ကန်သော အချက်အလက်များအပေါ်အပြည့်အဝနားလည်မှုဖြင့် အမြင်ကျယ်ကျယ် ရှုမြင်သုံးသပ်ပြီး အရေးကြီး သော မူဝါဒများကို ဆုံးဖြတ်ချမှတ်ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ဆောင်ရွက်မှသာ ရခိုင်ပြည်နယ်ပြဿနာအတွက် ရေရှည်တည်တံ့သော အဖြေတစ်ရပ်ကို ရရှိမည်ဖြစ်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း၏ ရှင်းလင်းတင်ပြချက်တို့ အပေါ် လေးစားစွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ ။

 

မြန်မာ့အလင်း