mdn

နေပြည်တော် ၁၀ မေ

 

ရခိုင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည်  မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းအနီး စိုးမိုးတောင်ကုန်းဖြစ်သည့် ပွိုင့်-၁၁၄ နေရာ၌ အခိုင်အမာနေရာယူ၍ ပြည်သူလူထုသွားလာ အသုံးပြုလျက်ရှိသော လမ်းကြောင်း လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေးကို ခြိမ်းခြောက်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ ခြေကုပ်စခန်းတစ်ခုကို ယမန်နေ့ ညနေ ၅ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခုနှစ် မတ်လမှစတင်၍ ပလက်ဝမြို့ကို ဖြတ်တောက်ပိတ်ဆို့ရန် ကျောက်တော်-ပလက်ဝ လမ်းကြောင်း၊ မတူပီ-ဆမီး-ပလက်ဝ လမ်းကြောင်း များကို ဖြတ်တောက်ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းကြောင်းပွင့်စေ ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်း။

 

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် မင်းပြား၊ ကမ်းနီဒေသရှိ နယ်မြေခံ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုကို မတ်လ ၂၃ ရက်နှင့် ၂၈ ရက်တို့တွင် အင်အား အလုံးအရင်းဖြင့် အလစ်အငိုက်ရယူကာ ဝင်ရောက် တိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသင့် ရှိမှုကြောင့် အကျအဆုံးများစွာဖြင့် ထပ်မံ၍ဆုတ်ခွာ ထွက်ပြေးခဲ့ရကြောင်း။

 

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် စစ်တွေ ရန်ကုန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိမင်းပြား၊ ရာမောင်တံတားအနီးတစ်ဝိုက်ရှိ ပွိုင့်-၁၁၄ တောင်ကုန်းတွင် နေရာယူကာ လမ်းပန်းဆက်သွယ်မှုအား ပြတ်တောက် စေရန် နှောင့်ယှက်တိုက်ခိုက်မှုများ စသည့်အကြမ်းဖက် လုပ်ရပ်များအား ဆက်လက်ဆောင်ရွက်ခဲ့ရာ COVID-19 ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာများကို ရန်ကုန်မြို့သို့ ပို့ဆောင်စစ်ဆေးရန် ထွက်ခွာလာသည့် WHO မှ UN တံဆိပ်ပါ မော်တော် ယာဉ်အား ဧပြီ ၂၀ ရက် ညနေပိုင်းတွင်လည်းကောင်း၊ CPs ပိုးသတ်ဆေး ကုမ္ပဏီမှ ဆေးပစ္စည်းများတင်ဆောင် လာသည့် ယာဉ်အား ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းတွင် လည်းကောင်း အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပြင် ခရီးသည်ယာဉ်၊ ကုန်တင်ယာဉ်များနှင့် ကိုယ်ပိုင် မော်တော်ယာဉ်များကိုလည်း အကြောင်းမဲ့ပစ်ခတ်ခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့် ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်မှုများကို အကြိမ်ကြိမ်ဆောင်ရွက် ခဲ့ကြောင်း။

 

ယင်းသို့ ပြည်သူလူထုသွားလာ အသုံးပြုလျက်ရှိသည့် လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့မှုများ ဆောင်ရွက်လျက်ရှိသောကြောင့် တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါနေရာတစ်ဝိုက်အား ဧပြီ ၂၀ ရက်မှစတင်၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာ ပွိုင့်-၁၁၄ တောင်ကုန်းအနီးရှိ ၎င်းတို့အခိုင်အမာနေရာယူထားသည့် နေရာ ၅ နေရာကို အဆင့်ဆင့်သိမ်းပိုက်ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ်သက်စွန့်ကြိုးပမ်း

ဆောင်ရွက်မှုများကြောင့် ယမန်နေ့ညနေ ၅ နာရီခန့်တွင် ၎င်းတို့နေရာယူထားရှိသည့် ပွိုင့်-၁၁၄ တောင်ကုန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း။

 

ဖြစ်စဉ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် နယ်မြေဒေသလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံစေရေး နယ်မြေစိုးမိုးရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

သတင်းစဉ်

 

mdn