နေပြည်တော် မေ ၁၉
ရခိုင်ပြည်နယ် သဘောဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနတို့မှ ကွန်ကရစ်မီးတိုင်များ၊ တာဝါတိုင်များ၊ သံချောင်းများ၊ လျှပ်စစ်ဝါယာကြိုးများ၊ သစ်ခွဲသားများ၊ မိုးကာတဲများ၊ မိုးကာများ၊ သွပ်များ၊ အိမ်ရိုက်သံများ၊ ဆက်သွယ်ရေး ဖိုက်ဘာ ကေဘယ်လ်များ၊ ဆန်အိတ်နှင့် ခေါက်ဆွဲခြောက်များ အပါအဝင် ကူညီကယ်ဆယ်ရေး ပစ္စည်းများအား သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန၏ စီစဉ်မှုအရ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် မေ ၁၆ ရက်မှစတင်၍ ရန်ကုန်မြို့၊ The Myanmar Terminal (TMT) ဆိပ်ကမ်းတံတား၌ MV.AQUARIUS၊ MV.SUN SHINE နှင့် MV.FORTUNE သင်္ဘော(၃)စင်း တို့ပေါ်သို့ တင်ဆောင်လျက်ရှိသည်။
MV.AQUARIUS သင်္ဘောသည် ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ ထွက်ခွာသွားပြီး ကျန်သင်္ဘော (၂)စီးပေါ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ အမြန်ဆုံးတင်ဆောင်၍ စစ်တွေမြို့သို့ ဆက်လက် ထွက်ခွာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)