နေပြည်တော် ၂၈ အောက်တိုဘာ
အမှတ် (၅)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်ဖွဲ့ဝင်များ၊ သံတွဲခရိုင်နှင့် တောင်ကုတ်မြို့နယ် သစ်တောဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ နယ်မြေ ရှင်းလင်းဆောင်ရွက်ရာ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်းမှ စုပုံထားရှိသော တရားမဝင်သစ် တန် (၇၀၀) ခန့်၊ တရားမဝင်သစ် သယ်ဆောင်လာသော စက်လှေခြောက်စီးပေါ်မှ တရားမဝင် ကျွန်း၊ ပိတောက်၊ စကားဝါ၊ ကညင်တန် (၃၆၀) ခန့်၊ စက်လှေ (ခွံ) သုံးစီး၊ တရားခံ (၆၁) ဦး ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် အောက်တိုဘာ ၁၉ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ထပ်မံစစ်ကြောင်းထိုး နယ်မြေရှင်းလင်း ဆောင်ရွက်ရာ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်းမှ တရားမဝင် ကျွန်း၊ ပိတောက်၊ ကညင် ခွဲသားစုစုပေါင်း (၁၃၃) တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း(နေပြည်တော်)


