သံတွဲ ၃၀ ဇန်နဝါရီ  

 

ရခိုင်ပြည်နယ် သံတွဲမြို့၌ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် IOM၊ USAID အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကျင်းပသည်။ 

 

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲသို့ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ သံတွဲခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးဦးကောင်းမြတ်နိုင်၊ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်း၊ IOM၊ SAID တို့မှ တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

အခမ်းအနားတွင် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးက အမှာစကားပြောကြားပြီး သံတွဲခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာများကို လည်းကောင်း၊ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းနှင့် IOM မှ ပရိုဂရမ်မန်နေဂျာ Mr. Konrad Clos တို့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေး စီမံကိန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 

 

ယနေ့ဖွင့်လှစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ တာဝန်ရှိသူများနှင့်အတူ သင်တန်းသား၊ သင်တန်းသူ ၄၅ ဦး တက်ရောက်သည်။ သင်တန်းတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများ၊ မြန်မာနိုင်ငံသဘာဝဘေး အန္တရာယ်များအကြောင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်အကဲဖြတ်ခြင်း၊ ဘေးအန္တရာယ် ဆုံးရှုံးနိုင်ခြေ လျော့ပါးခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ မြန်မာနိုင်ငံဘေးအန္တရာယ် စီမံခန့်ခွဲမှု မူဘောင်၊ ကျင့်ဝတ်စည်းမျဉ်းနှင့် အခြေခံမူများ၊ ရပ်ရွာလူထုအခြေခံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အစရှိသည့် သင်ခန်းစာများကို IOM အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၅ ရက်ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ IOM အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ်မှစတင်ကာ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲခရိုင်တို့တွင် စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။  ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်  ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းလွှမ်းခြုံရာ ဒေသများတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်အကဲဖြတ်ချက် လုပ်ငန်းစဉ်များကိုလည်း ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ 

 

မောင်စိန်လွင်၊ မျိုးမြင့်၊
ဓာတ်ပုံ- ကိုသန့်ဇင် (ခရိုင် ပြန်/ဆက်)