ရခိုင်ပြည်နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် ပြည်ထောင်စုအစိုးရက သိန်းပေါင်းတစ်သောင်းကျော်ထောက်ပံ့ခဲ့ပြီး ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်သွားမည်

စစ်တွေ  ၂၀  ဇွန်

ရခိုင်ပြည်နယ် တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအတွက် ပြည်ထောင်စုအစိုးရက ငွေကျပ် သိန်းပေါင်းတစ်သောင်းကျော်ထောက်ပံ့ခဲ့ပြီး ဆက်လက်ထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ငွေကျပ် သိန်းပေါင်း ၁၀၂၆၆ သိန်းကျော် တန်ဖိုးရှိဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အခြေခံစားသောက်ကုန်များ၊ ကယ်ဆယ်ရေးပစ္စည်းများအား၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အထိ တိုက်ပွဲရှောင်စခန်းများသို့ ဝင်ရောက်ခိုလှုံနေဆဲနှင့် ခိုလှုံခဲ့သည့် လူဦးရေ ခြောက်သောင်း ကျော် တို့အတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဇွန် ၁၆ ရက် စာရင်းများအရ လက်ရှိတွင် ပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်တွင် တိုက်ပွဲရှောင်စခန်းပေါင်း ၈၀ ကျော်ရှိနေပြီး လက်ရှိတွင် အိမ်ထောင်စု  ၅၄၂၅ စု၊ လူဦးရေ ၂၂၃၂၆ ဦး ခိုလှုံလျက်ရှိကြောင်းနှင့်၎င်းတို့အတွက် သိန်းပေါင်း သုံးထောင်ငါးရာကျော်တန်ဖိုးရှိအခြေခံစားသောက်ကုန်များအား ဆက်လက်ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 

mdn

 

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းဦးက "စစ်ပွဲကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု တစ်သောင်းခွဲကျော်နဲ့ လူဦးရေ ခြောက်သောင်းကျော်ထိ ရှိခဲ့ပါတယ်၊ အဲဒီသူတွေကို သိန်းတစ်သောင်းကျော်တန်ဖိုးရှိ စားနပ်ရိက္ခာတွေ ထောက်ပံ့ပြီးပါပြီ ထပ်ပြီးတော့စုရပ်စခန်းတွေမှာကျန်ရှိနေတဲ့ လူဦးရေ ၂၂၀ဝ၀ ကျော်အတွက် သိန်းပေါင်း ၃၅၀ဝ ကျော် တန်ဖိုးရှိတဲ့ ဆန်၊ ဆီ၊ ဆား ပဲ စတဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့သွား ဖို့ရှိပါတယ်"ဟု ပြောသည်။

တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ရာ၌ အချို့နေရာများတွင် ရရှိမှုလျော့ နည်းခြင်း၊ အပြည့်အဝမရရှိခြင်း စသည့်လစ်ဟာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိနေရပြီး နိုင်ငံတော်အစိုးရက သတ်မှတ်ပေးထားသည့် သတ်မှတ်ချက်များအတိုင်း အမှန်တကယ်လက်ဝယ် ရောက်ရှိရေးသည် အလွန်အရေးကြီးပြီး တစ်ဦးတစ်ယောက်ကောင်းပုံစံဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် မလွယ်ကူကြောင်း၊ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ အတူတကွပူးပေါင်းဆောင်ရွက်မှသာ ပြည်သူ့လက်ဝယ် အမှန်တကယ်ရောက်ရှိပြီး ထိရောက်မှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း ဦးရဲမင်းဦးက သုံးသပ်ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် အဓိကမြို့နယ် ၆ မြို့နယ်၌ တိုက်ပွဲရှောင် စုရပ်စခန်း ၈၀ ကျော်ပြီး ၎င်းတို့အတွက် မိုးရာသီနေထိုင်ရန်အတွက် နေအိမ်များဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။  

ဟန်မင်း