ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ၏ အစီရင်ခံစာပြုစုရေးအတွက် အကြံပြုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၃ ဒီဇင်ဘာ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ၏ အစီရင်ခံစာ ပြုစုရေးအတွက် အကြံပြုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် I-20 ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က အပြီးသတ် အစီရင်ခံစာဟုပြောရမည့် နောက်ဆုံး တတိယ အကြိမ် အစီရင်ခံစာမူကြမ်းတစ်ခုကို ရေးပြီးဖြစ်ပါကြောင်း၊ ယခုတတိယမူကြမ်းကိုလည်း မိမိအပါအဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်တို့နှင့်အတူ တည်းဖြတ်သင့်သည့်ကိစ္စများကို တည်းဖြတ်ထားပြီး ယခုအစည်းအဝေးတွင် တင်ပြမည်ဖြစ်ပါကြောင်း၊ ယခုတင်ပြသည့်  နောက်ဆုံးတတိယ မူကြမ်းကို ပြင်စရာရှိပါက ထပ်မံပြင်ပေးစေလိုပါကြောင်း၊ ဖြည့်စွက်စရာရှိပါကလည်း ဖြည့်စွက်ပေးစေလိုပါကြောင်း၊ အပြီးသတ်အစီရင်ခံစာပြီးမြောက်အောင် ဆောင်ရွက်နိုင်လိမ့် မည်ဟုမျှော်လင့်ပါကြောင်း၊ သို့ပါ၍ တတိယမူကြမ်းကို အပြီးသတ်ပြင်ဆင် ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

‌ေ

 

ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီအတွင်း ရေးမှူး ဒုတိယဝန်ကြီးဦးတင်မြင့်က အစီရင်ခံစာမူကြမ်းအား ပရိုဂျက်တာဖြင့် တစ်ပိုဒ်ချင်းစီ ရှင်းလင်းပြသသည်။

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက အဆိုပါမူကြမ်းအား ပြင်ဆင်၊ ဖြည့်စွက်၊  ပယ်ဖျက်လိုသည့်အချက်တို့ကို ဆွေးနွေးသုံးသပ်ခဲ့ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ ဥက္ကဋ္ဌ (၂) ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊  ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယ ရှေ့နေချုပ်ဦးဝင်းမြင့်၊  ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးဇော်အေးမောင်၊  အမျိုးသားပညာရေး မူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဒေါက်တာညီလှငယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်ရဲဗိုလ်ချုပ်အောင်နိုင်သူနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းတို့ တက်ရောက်ကြသည်။

(သတင်းစဉ်)