စစ်တွေ ၁၁ ဧပြီ

 


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက် ၈ နာရီတွင် စစ်တွေမြို့ ကုန်တန်းရပ်ကွက်ရှိ သဒ္ဓမ္မဂရုကျောင်းတိုက်သို့ သွားရောက်ကာ စစ်တွေမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ပြီး ဩဝါဒခံယူသည်။

 


 

‌ေ‌ေ

 


ရှေးဦးစွာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌက  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူ ပြုကော်မတီအနေဖြင့် စစ်တွေမြို့သို့ လာရောက်ရခြင်းဖြစ်ပါကြောင်း၊ ခရီးစဉ်အတွင်း ရခိုင်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ပညာရှင်များ အပါအဝင် တွေ့သင့်တွေ့ထိုက်သည့် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ကော်မတီက ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းလျှောက်ထားသည်။

 


ထို့နောက် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ ဒက္ခိဏရာမကျောင်းတိုက်၏ ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ပြည်နယ်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တစန္ဒထံမှ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဩဝါဒခံယူကြသည်။

 


ဆက်လက်၍ သဒ္ဓမ္မဂရုပုသိမ်ကျောင်းတိုက်ဆရာတော် ဘန္ဒန္တပဏ္ဍိတ၊ မဏိရတနာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမ၊ ကြွဖြူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝံသ၊ ဓမ္မသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမနှင့် ပြည်နယ်သံဃာ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဆရာတော်၊ သံဃာတော်များထံမှ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဩဝါဒခံယူသည်။
ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ကော်မတီဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဒုတိယဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကော်မတီဝင်များဖြစ်ကြသည့်   ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းတို့က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် ရခိုင်ပြည်နယ်တည် ငြိမ်အေးချမ်းရေးအတွက် ဆရာတော်၊ သံဃာတော်များကလည်း ပါဝင်ကူညီပေးပါရန် လျှောက်ထားကြသည်။

 


 

တတ

 


ဆက်လက်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီက တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ပွဲကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

 


ထောက်ပံ့ပေးအပ်ပွဲသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့မှ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ထောက်ပံ့ပေးအပ်ပွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌက ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် အခက်အခဲရှိနေသူများ၊ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ပတ်သက်၍ အထောက်အပံ့ အကူအညီပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် အဓိက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် တွေ့သင့်တွေ့ထိုက်သူများနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် တင်ပြချက်၊ အကြံပြုချက်များကို ရယူပြီး နိုင်ငံတော်အစိုးရသို့ ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အစီအရင်ခံစာ တင်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စအတွက် ရခိုင်ပြည်နယ်ကို လာရောက်ခြင်းဖြစ်ပါကြောင်း၊ ယခုခရီးစဉ်တွင် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လူမှုကူညီရေးအဖွဲ့များမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့မှ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အကြံပြုတင်ပြလိုသည့် အချက်အလက်များရှိပါက  တင်ပြပေးစေလိုပါကြောင်း ပြောကြားသည်။

 


ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌ၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကော်မတီ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်နှင့် တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပေးအပ်သွားမည့် အစီအစဉ်များကို ပြောကြားသည်။

 


 

ိိ

 


ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌက မြောက်ဦးမြို့နယ်ရှိ စခန်း(၁၉)ခုမှ တိုက်ပွဲရှောင်ပြည်သူ ၆၂၆၂ ဦးအတွက် ငွေကျပ် ၅၆၃ ဒသမ ၅၈ သိန်းပေးအပ်ရာ မြောက်ဦးမြို့ ရတန ပါလ နာရေးကူညီမှု ဖောင်ဒေးရှင်းမှ ဦးအောင်သိန်းက လက်ခံရယူသည်။

 


 

နန

 


ဆက်လက်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဒုတိယဥက္ကဋ္ဌ၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကျောက်တော် မြို့နယ်ရှိ စခန်းခုနှစ်ခုမှ တိုက်ပွဲရှောင်ပြည်သူ ၂၇၂၆ ဦးအတွက် ငွေကျပ် ၂၄၅ ဒသမ ၃၄သိန်း ပေးအပ်ရာ ကျောက်တော်မြို့ ရပ်မိရပ်ဖ ဦးအောင်ကျော်သိန်းက လက်ခံရယူသည်။

 


ထို့နောက် ကျောက်တော်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဝင်းက တက်ရောက်လာသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။

 


ဆက်လက်၍ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့မှ တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများလျော့ချရန်၊ ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား နိုင်ငံရေးနည်းဖြင့် အဖြေရှာရန်၊ မိုးရာသီကျရောက်တော့မည် ဖြစ်သဖြင့် တိုက်ပွဲရှောင်ပြည်သူများအတွက် စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ဆောင်ရွက်ပေးရန် အကြံပြုတင်ပြကြသည်။

 


ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 


(သတင်းစဉ်)