စစ်တွေ ၁၉ ဇွန်
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်နယ်ဥပဒေ အထောက်အကူပေးရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့အကြုံရှိ ပညာရှင်များ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က ယခုဖိတ်ကြားထားသော ပုဂ္ဂိုလ်များသည် နိုင်ငံရေးအတွေ့အကြုံရှိသူများ ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို လျှော့ချနိုင်ရန်နှင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်သည့်နေရာတွင် ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် နည်းလမ်းများကို အကြံပေးနိုင်ရန် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်သည် မိမိတို့ကော်မတီ၏ တတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီးယခင်ခရီးစဉ်များ၌ ဆရာတော်၊ သံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ၊ အတွေ့အကြုံရှိ လူပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခအခြေအနေများအပေါ် ၎င်းတို့၏အမြင် သဘောထားများနှင့် ပြည်သူများအကြား တွေ့ကြုံခံစားနေရသည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပါကြောင်း၊ ၎င်းတို့၏ အကြုံပြုချက်၊ ဆွေးနွေးတင်ပြချက်များကို မခြွင်းမချန်ဘဲ နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာ တစ်ခုတင်ပြခဲ့ပါကြောင်း။
မိမိတို့ကော်မတီ၏ အဓိကတာဝန်သည် တွေ့သင့်တွေ့ထိုက်သူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ အကြံပြုချက်များကို မခြွင်းမချန်ဘဲ အပြီးသတ်အစီရင်ခံစာတစ်ခု ရေးသားတင်ပြနိုင်ရန် ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ပဋိပက္ခအကြောင်းပြု၍ ဖြစ်ပေါ်လာသော အကြောင်းအရာ ကိစ္စအရပ်ရပ်တို့ကိုလည်း မိမိတို့ကော်မတီအနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့တွင်လည်း နိုင်ငံရေးအတွေ့အကြုံရှိသူများ၊ ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ ပြောနိုင်ဆိုနိုင်သည့် ပုဂ္ဂိုလ်များကို ဖိတ်ကြား၍ တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို မည်သို့မည်ပုံလျှော့ချရမည်၊ ပဋိပက္ခများကိုအကြောင်းပြုပြီး အပြစ်မဲ့ပြည်သူများ ဒုက္ခခံစားနေရမှုကို မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနိုင်မည် စသည့်အကြောင်းအရာများကို ယခုတွေ့ဆုံပွဲတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုတင်ပြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်နယ်ဥပဒေ အထောက်အကူပေးရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့အကြုံရှိပညာရှင်များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းများဖြင့် အဖြေရှာဖြေရှင်းရေး၊ တိုက်ပွဲရှောင်ပြည်သူများမိမိတို့၏ နေရပ်ပြန်နိုင်ရေးနှင့် လုံခြုံစွာနေထိုင်နိုင်ရေး၊ ၎င်းတို့၏ လူမှုရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသည့် ကျောင်းသား ကျောင်းသူများ နီးစပ်ရာစာသင် ကျောင်းများတွင် ပညာသင်ကြားနိုင်ရေး၊ ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို အမြန်ဆုံးလျော့ချ၍ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် စီမံချက်များ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ကော်မတီဝင်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေးကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့ဝင်များက ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသည့် အကြောင်းအရာများ၊ တိုက်ပွဲရှောင်ပြည်သူများအရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ညနေပိုင်းတွင် ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများက စစ်တွေလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်