နေပြည်တော် ၁၇ ဖေဖော်ဝါရီ
လွတ်လပ်သော သတင်းမီဒီယာခေတ်တွင် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ လွတ်လပ်စွာ သတင်းရှာဖွေခြင်း၊ လွတ်လပ်စွာ သတင်းရေးသားခြင်းတို့ကို ပြုလုပ်နိုင်ကြပါသည်။ သမာသမတ်ကျသော သတင်းမီဒီယာတို့သည် လွတ်လပ်စွာ ဖော်ထုတ်ပြောကြားခြင်း တစ်ခုတည်းသာမဟုတ်ဘဲ လက်ခံနားထောင်သူ၏ အခွင့်အရေးများနှင့် အချို့သောတာဝန်ယူမှုတို့ကိုပါ ထည့်သွင်းစဉ်းစားကြပါသည်။ ထိုသို့မဟုတ်မူဘဲ တာဝန်မဲ့သော၊ ကျင့်ဝတ် နှင့် မညီသော လုပ်ကိုင်ဆောင်ရွက်မှုများကို ပြုလုပ်မိမည်ဆိုပါက မီဒီယာ လွတ်လပ်ခွင့်နှင့် လူ့ဘောင်လောကကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါသည်။
သတင်းမီဒီယာများအနေဖြင့် လွတ်လပ်စွာ ဖော်ထုတ်ရေးသားကြရာ၌ မှန်ကန်ခြင်း၊ မြန်ဆန်ခြင်း၊ မျှတခြင်းဟူသည့် အခြေခံစံနှုန်းများနှင့်အညီ အချက်အလက် တိကျခိုင်မာရေး၊ အချိန်နှင့်တစ်ပြေးညီ ရေးသားရေး၊ သမာသမတ်ကျပြီး တရားမျှတမှုရှိစေရေး၊ ဘက်တစ်ဖက်တည်းမရေးသားရေးတို့မှာ အလေးထား လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်ပါသည်။ မျက်မှောက်ကာလတွင် နိုင်ငံတကာ သတင်းမီဒီယာအချို့အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းရေးသားဖော်ပြရာ၌ အဆိုပါစံနှုန်းများနှင့် သွေဖည်နေသည်ကို များသောအားဖြင့် တွေ့မြင်ရပါသည်။
အထူးသဖြင့် နိုင်ငံတကာက အာရုံစိုက်မှုများသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ သတင်းရေးသားဖော်ပြမှုများတွင် တွေ့ရတတ်ပါသည်။ နိုင်ငံတကာ မီဒီယာများအနေဖြင့် သတင်းရေးသား တင်ပြရာ၌ ပရော်ဖက်ရှင်နယ်ဆန်သည်မှာ ကောင်းမွန်ပါသည်။ သို့ရာတွင် ခံစားချက်ပိုလွန်းပြီး တစ်ဖက်သတ်ဆန်၍ လိုသည်ထက်ပိုကာ အကြောင်းအရာတစ်ခုကို အကြိမ်ကြိမ် အထပ်ထပ် အခါခါ ဘက်လိုက်ရေးသားနေဟန် တူပါသည်။ မြန်မာနိုင်ငံအနေဖြင့် မှန်ကန်သည့်သတင်း အချက်အလက်များကို ထုတ်ဖော်အတည်ပြုရန် ဆောင်ရွက်နေစဉ်တွင် သံသယဖြစ်ဖွယ် တစ်ဖက်သတ်ဆန်သော သတင်းများသည် ကမ္ဘာပတ်ကာ ဖြန့်ချိပြီးသားဖြစ်နေသည်။ ထိုအခါ မြန်မာနိုင်ငံမှ မှန်ကန်စွာ ဆောင်ရွက်နေသော အခြေအနေမှန်များနှင့်ပတ်သက်၍ ထိခိုက်နစ်နာမှုများ ရှိလာသည်ကို တွေ့ရသည်။
အချို့ကိစ္စရပ်များတွင် သတင်းအချက်အလက်ကို ခိုင်မာတိကျစွာ ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ ကြားသိရမှုများအပေါ် အခြေခံ၍ အလျင်စလို ရေးသားဖော်ထုတ်လိုက်သည်ကို တွေ့ရသည်။ ဒုက္ခသည်သတင်းများတွင် ဒုက္ခသည်အရေး တစ်မျိုးတည်းကိုသာ ဖော်ပြလေ့ရှိပြီး နောက်ခံအကြောင်းနှင့် နောက်ဆက်တွဲ အကြောင်းရင်းများကိုမူ ဖော်ပြမှုနည်းပါးလေသည်။ မကြာသေးမီရက်များက ဒုက္ခသည်စခန်းအတွင်းမှ မုသားစကားများအကြောင်းကို ရှားရှားပါးပါး သိရှိလိုက်ရပြန်သည်။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူ့အသိုက်အဝန်းနှစ်ဖက်ကြားရှိ ဆိုင်ရာကိစ္စရပ်များကို မျှတစွာ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဖြစ်စဉ်ဖြစ်ရပ်မှန်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် အသိပေးလျက်ရှိသည်။ မောင်တောခရိုင် အင်းဒင်ကျေးရွာရှိ သင်္ချိုင်းတစ်ခုတွင် အလောင်း ၁၀ လောင်း တွေ့ရှိမှုနှင့်ပတ်သက်၍ တပ်မတော်က အဆင့်မြင့်စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးခဲ့သည့်အပြင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ကျေးရွာသား စုစုပေါင်း ၁၆ ဦးကို အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်သည်ကိုလည်း အသိအမှတ်ပြုရပေမည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အပြုသဘောဆောင်သောကိစ္စများတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ မည်သည့်ကိစ္စရပ်တွင်မဆို ပွင့်လင်းမြင်သာစွာဖြင့် အလေးထား ဆောင်ရွက်ပေးနေသည်မှာ အမှန်ဖြစ်ပါသည်။ သို့ဖြစ်ရာ ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အသေအချာ လေ့လာဆန်းစစ်ပြီးမှသာ သုံးသပ်ဆုံးဖြတ်ဖော် ပြသင့်ပါကြောင်းနှင့် တည်ငြိမ်အေးချမ်းရေးနှင့် လူသားအားလုံးအကျိုး ဖွံ့ဖြိုးတိုးတက်မှုကိုရှေးရှု၍ မှန်ကန်မျှတသည့် သတင်းအချက်အလက်များကို မျှဝေပေးသင့်ပါကြောင်း။
(ကြေးမုံ)