စစ်တွေ ဇူလိုင် ၆

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၃)၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ယခုအစည်းအဝေးသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏ လက်အောက်တွင် လုပ်ငန်းကော်မတီ ၄ ရပ် ဖွဲ့စည်းထားကြောင်း၊ အဆိုပါလုပ်ငန်းကော်မတီများတွင် ပြည်ထောင်စုဝန်ကြီးများက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများက ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များမှ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများအဖြစ် တာဝန်ယူဆောင်ရွက်ကြကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းကော်မတီများတွင်  တိုက်ရိုက်ပါဝင်မှု မရှိသော်လည်း သက်ဆိုင်ရာကော်မတီဝင်များ၏  လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံယူနစ်များဖြစ်သည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိဌာနများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှသာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး ကဏ္ဍများတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး လုပ်ငန်းများအောင်မြင်မှာ ဖြစ်ကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးနှင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး (၂)၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြန်လည်သုံးသပ်ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍  ဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)