ဂွ ၇ သြဂုတ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် သြဂုတ် ၆ ရက်နံနက်ပိုင်းတွင် ဂွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဂွမြို့အောင်မင်္ဂလာခန်းမ၌ တွေ့ဆုံကာ သဘာဝဘေးကြောင့် ပျက်စီးမှု များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးနိုင်က ဂွမြို့နယ်၌ သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။  

ယင်းနောက် တက်ရောက်လာသော ဒေသခံပြည်သူများက ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများ ကောင်းမွန်ရေးနှင့် ဒေသအတွက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က တင်ပြရှင်းလင်းချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်၊ ကျိန္တလီမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်း ကဏ္ဍနှင့် သိမ်းဆည်းခံ လယ်ယာမြေယာကိစ္စ စသည့်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဂွမြို့နယ်၊ ကျင်းကြီးကျေးရွာအုပ်စု၊ ရမ္မာကျွန်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံးဝပျက်စီး နေအိမ်နှစ်လုံးအတွက် ငွေကျပ်သုံးသိန်းစီနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် ၁၀ လုံးအတွက် ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှလုံးဝပျက်စီးနေအိမ် နှစ်လုံးအတွက် ငွေကျပ်နှစ်သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းများအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် ၁၀ လုံးအတွက် ငွေကျပ် နှစ်သိန်းတို့အား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ 

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ကျိန္တလီမြို့ လူနာတင် ယာဉ်ဝယ်ရန်အတွက် ငွေကျပ် ၁၀သိန်း၊ ကျိန္တလီမြို့ဆေးရုံနှင့် ရင်ခွဲရုံသွားလမ်းအရှည် ပေ ၇၀ဝ၊ အကျယ် ၄ ပေ၊ အမြင့် ၆ လက်မ ခင်းရန်အတွက် ငွေကျပ်သိန်း ၆၀၊ ဂွမြို့နယ် ဆပ်သွား ကျေးရွာအုပ်စု၊ ဆပ်သွားရွာ သုဿာန်သွားလမ်းအတွက် ငွေကျပ်သိန်း ၅၀၊ စေတီကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ အမိုးပြုပြင်ရန်အတွက် ငွေကျပ် ၃၅ သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ထောက်ပံ့ပေးအပ်ရာ  သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

တင်မောင်လွင်၊ တင်ထွန်း(ပြန်/ဆက်) 
ဓာတ်ပုံ-ကံထွန်း