စစ်တွေ ၂၆ အောက်တိုဘာ

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ အောက်တိုဘာလ ၂၆ ရက်နေ့နံနက်ပိုင်းက သံတွဲခရိုင် ကျိန္တလီမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေ့ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိန္တလီမြို့အတွင်းရှိ လမ်းများအဆင့် မြှင့်တင်ဆောင်ရွက်နေသော အဝေရာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် သုဓမ္မာလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိန္တလီမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော လူနာများကို အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ပြီး ဆေးရုံသစ် ဆောက်လုပ်ပြီးစီးနေမှုနှင့် ရောင်နီဦးလမ်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိန္တလီမြို့ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်း တိုက်သို့ သွားရောက်ပြီး ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်း ဒေသခံရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသလိုအပ်ချက်များကို ဆွေးနွေးကြပြီး ပြည်နယ်အစိုးရအဖွဲ့မှ  သီရီမင်္ဂလာဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံမျက်နှာကျက်အတွက် ငွေကျပ် (၁၀)သိန်းနှင့် အမှတ်(၃) ရပ်ကွက်ရှိ မြူကင်းစင်ပရဟိအဖွဲ့ ရန်ပုံငွေအတွက် ငွေကျပ်ငါးသိန်း ထောက်ပံ့လှူဒါန်းခဲ့သည်။

 

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိန္တလီမြို့၊ တောင်ပတ်လည်ကျေးရွာအုပ်စု၊ ဖိုးလှောင်ကွင်းကျေးရွာ၊ သိဒ္ဓိဇေယျဝနဝါသီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ ဩဝါဒခံယူ၍ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်း ကျေးရွာရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားဆွေးနွေးသည်။ တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်အစိုးရအဖွဲ့မှ သိဒ္ဓိဇေ ယျဝနဝါသီ၊ ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်ရန်ငွေကျပ် (၁၀)သိန်းနှင့် တောင်ပတ်လည် ကျေးရွာအုပ်စု၊ ထိန်ပင်ကွင်းကျေးရွာ အဝင်ယာယီတံတားတည်ဆောက်ရန်အတွက် ငွေကျပ် ငါးသိန်းတို့ကို ထောက်ပံ့လှူဒါန်းခဲ့သည်။ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထိန်ပင်ကွင်း ကျေးရွာအဝင် ယာယီတံတားတည် ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)