စစ်တွေ ဩဂုတ် ၁၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံများသို့ Oxygen Concentrator အလုံး ၃၀၊ အောက်ဆီဂျင်အိုး အလုံး ၁၂၅၀ ၊ Medical Regulator အခု ၁၂၅၀ ပေးအပ်လှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉ လူနာများအတွက် အရေးပေါ်ကုသဆေးများ ဝယ်ယူရန် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက “ယခုပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေမှ ကျပ် ၃၂၃၂ သိန်းကျော် အကုန်ကျခံပြီး ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် BXT ကုမ္ပဏီမှ ငွေကျပ် ၁၀၆၆ သိန်းတန်ဖိုးရှိ အောက်ဆီဂျင်စက်တစ်လုံး လှူဒါန်းလာပါကြောင်း၊ ၎င်းစက်ရောက်ရှိလာပါက အသင့်တပ်ဆင်အသုံးပြုနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ဆေးရုံကြီးတွင် ငွေကျပ်သိန်း ၃၂၀ တန်ဖိုးရှိသည့် စက်ရုံအဆောက်အအုံကို တည်ဆောက်လျက်ရှိပါကြောင်း၊ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေသော ကိုဗစ်-၁၉ လူနာများအတွက် လိုအပ်သည့် အရေးပေါ်ကုသဆေး သုံးမျိုး ဝယ်ယူရန် ငွေကျပ် ၃၄၁ သိန်းကျော် ထပ်မံထောက်ပံ့မည်ဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဆေးရုံများအတွက် အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးများ၊ Medical Regulator များနှင့် ကိုဗစ်-၁၉ လူနာများအတွက် အရေးပေါ်ကုသဆေးများ ဝယ်ယူရန် ထောက်ပံ့ငွေများကို လည်းကောင်း၊ တပ်မတော်ဆေးရုံများအတွက် အောက်ဆီဂျင်အိုးနှင့် Medical Regulator များကို လည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆောက်လုပ်နေသော အောက်ဆီဂျင်စက်ရုံ အဆောက်အအုံနှင့် ဆေးရုံကြီးရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေတို့ကို သွားရောက်ကြည့်ရှုကြသည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံအဆောက်အအုံ တည်ဆောက်မှုမှာ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ စစ်တွေတက္ကသိုလ် အဝင်(ဂန္ဓာမာလမ်း) ကွန်ကရစ်ခင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါလမ်းမှာ စစ်တွေတက္ကသိုလ် ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများသွားလာရာတွင် အဆင်ပြေစေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ခွင့်ပြုငွေကျပ်သန်း ၁၅၀ ဖြင့် အရှည်ပေ ၁၆၄၀၊ အကျယ် ၁၈ ပေ၊ အမြင့် ၈ လက်မရှိသော ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


