ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်မည့် ယာယီခိုလှုံရာစခန်းမှ ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

ကျောက်တော် မတ် ၂၉

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနက် မိမိသဘောဆန္ဒအရ နေရပ်ပြန်ကြမည့် ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာ ၁၇ ရွာနှင့် ပလက်ဝမြို့နယ် ကျေးရွာ ခြောက်ရွာ အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၂၇၀၆ ဦးတို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံပေးအပ်ခြင်းကို  မတ် ၂၉ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကစ္ဆပနဒီခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ငါးသိန်းနှုန်းစီဖြင့် အိမ်ထောင်စု ၆၄၄ စုအတွက် ထောက်ပံ့ငွေကျပ် သိန်း ၃၂၂၀ ကို လည်းကောင်း၊  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည် နေရပ်ပြန်ပြောင်းရွှေ့စရိတ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းစီဖြင့် ငွေကျပ် ၆၄၄ သိန်း၊ လူတစ်ဦးကို ဆန်၊ ရိက္ခာ တစ်ရက်လျှင် ဆန် နှစ်ဘူးနှုန်းစီဖြင့် အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၂၇၀၆ ဦးအတွက် တစ်လစာ ရိက္ခာဆန်ဖိုးငွေ ကျပ် ၂၄၃၅၄၀၀၀ ကို လည်းကောင်း၊  လူသုံးကုန်ပစ္စည်း ၁၇ မျိုး ပါဝင်သော Family Kit ပုံး ၆၄၄ ပုံးကို လည်းကောင်း၊ ယာယီခိုလှုံရာစခန်းမှ အိမ်ထောင်စုဝင်များ၏ ကိုယ်စားလှယ်များထံ အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။

 

ထို့နောက် တာဝန်ရှိသူများက နေရပ်ပြန်ကြမည့် ယာယီခိုလှုံရာစခန်းမှ ပြည်သူများအား အားပေးစကား ပြောကြားပြီး လိုက်လံနှုတ်ဆက် ပို့ဆောင်ပေးခဲ့ကာ နေရပ်အသီးသီးသို့ သယ်ဆောင်မည့် ပစ္စည်းများအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက မော်တော်ကား၊ စက်လှေများဖြင့် ကူညီသယ်ယူရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့သည်။

 

ခင်မောင်ထွန်းပြန်/ဆက်)